WHO အဖွဲ့ ခိုင်မာအားကောင်းစေရေး လုပ်ဆောင်ဖို့ အဖွဲ့၀င်နိုင်ငံတွေ သဘောတူ

WHO အဖွဲ့ ခိုင်မာအားကောင်းစေရေး လုပ်ဆောင်ဖို့ အဖွဲ့၀င်နိုင်ငံတွေ သဘောတူ
Photo - AFP

ဇွန် ၁

ကပ်ရောဂါ တုံ့ပြန်မှုကို ဆောင်ရွက်ရာမှာ အဓိကနေရာမှာ ရှိနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကို ယခုထက် ပိုမိုခိုင်မာအားကောင်းစေအောင် လုပ်ဆောင်ဖို့ အဖွဲ့၀င်နိုင်ငံတွေက မေလ ၃၁ ရက်မှာ သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် အနာဂတ်ကာလ ကျန်းမာရေးအကျပ်အတည်းတွေကို တုံ့ပြန်ဖို့အတွက် ပိုမို အားကောင်းစိတ်ချရတဲ့ ဘဏ္ဍာရေးအခြေခံတစ်ခု ပေးအပ်ဖို့လည်း WHO အဖွဲ့၀င်နိုင်ငံတွေက သဘောတူခဲ့ကြပါတယ်။

လုပ်ဆောင်ဖို့ လိုအပ်တဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက်အစီအမံတွေရဲ့ အသေးစိတ်အချက်အလက် အများအပြားနဲ့ပတ်သက်လို့ ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေပြီး ကုလ အေဂျင်စီအဖွဲ့ထံ လုပ်ပိုင်ခွင့် ဘယ်လောက်များများ ပေးအပ်မလဲဆိုတာကိုလည်း အဖွဲ့၀င်နိုင်ငံတွေ ဆက်လက်ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ဒါပေမယ့်လည်း ကုလ ကျန်းမာရေးအေဂျင်စီရဲ့ နှစ်ပတ်လည် အစည်းအဝေးညီလာခံ နောက်ဆုံးနေ့မှာ အတည်ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ “သမိုင်း၀င်” ဆုံးဖြတ်ချက်ဖြစ်တယ်လို့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောသွားခဲ့ပါတယ်။

“ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်လို့ အဓိကကျတဲ့နေရာမှာ ရှိနေတဲ့ WHO ကို ပိုမို ခိုင်မာအားကောင်းလာအောင် လုပ်ဖို့ လိုပါတယ်” လို့ ၎င်းက ပြောသွားခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားပြီး တစ်နှစ်ခွဲကြာပြီးနောက်ပိုင်းမှာ အကျပ်အတည်းအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုရဲ့ အရေးကြီးတဲ့နေရာမှာ ရှိတဲ့ အဖွဲ့အစည်းကို အားကောင်းခိုင်မာစေဖို့ အဖွဲ့၀င်တွေက သဘောတူခဲ့ကြတာဖြစ်ပါတယ်။

မေလ ၃၁ ရက်က အတည်ပြုခဲ့တဲ့ စာမျက်နှာ ၁၄ မျက်နှာပါ ဆုံးဖြတ်ချက်မှာတော့ အဖွဲ့ကြီးရဲ့ ဘဏ္ဍာငွေထောက်ပံ့မှုနဲ့ပတ်သက်တဲ့ မသေချာမရေရာမှုတွေကိုလည်း ဖယ်ရှားနိုင်ရေး လုပ်ဆောင်မယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။

WHO ရဲ့ ပရိုဂရမ် ဘတ်ဂျက်နဲ့ပတ်သက်လို့ လုံလောက်ပြီး ပြောင်းလဲပြင်လွယ်ဖြစ်တဲ့၊ ရေရှည်တည်တံ့ပြီး ခန့်မှန်းလို့ ရနိုင်တဲ့ ဘဏ္ဍာငွေထောက်ပံ့မှု ဖြစ်စေဖို့ အဖွဲ့၀င်နိုင်ငံတွေက ကတိပြုသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အေဂျင်စီ ဘတ်ဂျက်ရဲ့ ၁၆ ရာခိုင်နှုန်းခန့်သာလျင် ပုံမှန်အဖွဲ့၀င်ပေးသွင်းငွေတွေကနေ ၀င်နေတာဖြစ်ပါတယ်။ ကျန်တာတွေကတော့ နိုင်ငံတွေရဲ့ သဘောဆန္ဒအလျောက် ထည့်၀င်မှုတွေကနေ ၀င်နေတာဖြစ်ပြီး ယင်းတို့မှာဆိုရင် အများအားဖြင့် ထည့်၀င်တဲ့ နိုင်ငံတွေဟာ သီးသန့် ပရောဂျက်တွေအတွက် လျာထားသတ်မှတ်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly