မဟာမိတ်တွေအပေါ် သူလျှိုလုပ်တဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ်ကို ဂျာမနီနဲ့ ပြင်သစ်က ဖြေရှင်းချက် တောင်း 

မဟာမိတ်တွေအပေါ် သူလျှိုလုပ်တဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ်ကို ဂျာမနီနဲ့ ပြင်သစ်က ဖြေရှင်းချက် တောင်း 
Photo - AFP

ဇွန် ၁

အမေရိကန်နိုင်ငံဟာ ဒိန်းမတ်နိုင်ငံရဲ့ အကူအညီနဲ့ ဥရောပ မဟာမိတ်တွေကို သူလျှိုထောက်လှမ်းတယ်ဆိုတဲ့ စွဲဆိုဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အဲဒီ နှစ်နိုင်ငံ အစိုးရတွေဆီကနေ ဖြေရှင်းချက် ပေးလာတာကို မျှော်လင့်ကြောင်း ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်နဲ့ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်တို့က တနင်္လာနေ့မှာ ပြောလာပါတယ်။ 

“မဟာမိတ်တွေကြားမှာ ဒါမျိုးက လက်သင့်ခံစရာ မရှိပါ၊ မဟာမိတ်နဲ့ ဥရောပမိတ်ဆွေကြားမှာလည်း လက်သင့်ခံလို့ မရဘူး”လို့ ပါရီနဲ့ ဘာလင်ကြား ဗီဒီယိုကွန်ဖရင့်ကနေတစ်ဆင့် ပြုလုပ်တဲ့ ပြင်သစ်-ဂျာမနီ ထိပ်သီးအစည်းအဝေးအပြီးမှာ မက်ခရွန်က ပြောပါတယ်။ 

“ကျွန်တော်ဟာ စုစည်းတဲ့ ဥရောပနဲ့ အမေရိကန်ကြားက ယုံကြည်မှုသစ္စာကို လက်ကိုင်ပြုထားတာ ဖြစ်တယ်၊ ကျွန်တော်တို့ကြားမှာ သံသယအတွက် နေရာ မရှိဘူး”လို့ သူက ဆိုပါတယ်။ 

“ဒါကြောင့် လုံးလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားဖို့ ကျွနတော်တို့ စောင့်ကြည့်နေရတာပဲ၊ ဒိန်းမတ်နဲ့ အမေရိကန်က မိတ်ဆွေကို မေတ္တာရပ်ခံတယ်၊ အခု သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်ပြီး သတင်းအချက်အလက်တွေ အားလုံးနဲ့ အတိတ်က အချက်အလက်တွေကို ပေးကြပါ၊ ဒီ အဖြေကို ကျွန်တော်တို့ စောင့်နေပါတယ်”လို့ မက်ခရွန်က ပြောပါတယ်။ 

ဂျာမနီဝန်ကြီးချုပ် မာကဲလ်ကလည်း ပြင်သစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေကို သဘောတူရုံပဲ ရှိတယ်လို့ ဆိုပါတယ်။ 

အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ဟာ ဂျာမနီ၊ ဆွီဒင်၊ နော်ဝေနဲ့ ပြင်သစ်က ထိပ်တန်းနိုင်ငံရေးသမားတွေကို သူလျှိုထောက်လှမ်းဖို့ ၂၀၁၂ ကနေ ၂၀၁၄ ကြားမှာ ဒိန်းမတ်က ရေအောက်အင်တာနက်ကေဘယ်ကနေ ကြားဖြတ်ထောက်လှမ်းခဲ့တယ်လို့ ဒိန်းမတ်သတင်းဌာန Danmarks Radio (DR) နဲ့ အခြား ဥရောပမီဒီယာတွေက ဖော်ပြတဲ့ ထောက်လှမ်းရေးသတင်းတစ်ရပ်မှာ ပြောဆိုထားတာ ဖြစ်ပါတယ်။ 

မာကဲလ်အပြင် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အတိုက်အခံခေါင်းဆောင်ဟောင်းတွေအပါအဝင် ထိပ်တန်းနိုင်ငံရေးသမားတွေရဲ့ စာသားမက်ဆေ့ချ်ပို့တာတွေ၊ တယ်လီဖုန်းခေါ်ဆိုမှုတွေ၊ အင်တာနက်ရှာဖွေမှုတွေနဲ့ ချက်တင်ပြောဆိုမှုတွေကို NSA ဟာ ရရှိနိုင်စွမ်း ရှိခဲ့တယ်လို့ DR သတင်းက ဖော်ပြခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required