တရုတ်နိုင်ငံမှ အလျှံအပယ်တင်သွင်းသည့် နှာခေါင်းစည်းများကြောင့် အမေရိကန်ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားရ

တရုတ်နိုင်ငံမှ အလျှံအပယ်တင်သွင်းသည့် နှာခေါင်းစည်းများကြောင့် အမေရိကန်ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားရ

ယခုနှစ်အစောပိုင်းမှစ၍ တရုတ်နိုင်ငံမှ ဈေးသက်သာစွာဖြင့် ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကြောင့် အမေရိကန်နိုင်ငံမှ အဆိုပါ ပစ္စည်းထုတ်လုပ်သည့် စက်ရုံများအနေဖြင့် လုပ်ငန်းရပ်ဆိုင်းမှုများ ဖြစ်ပေါ်လာရသည်။

တရုတ်နိုင်ငံမှ ဈေးနှုန်းလျှော့ချမှုများ ပြုလုပ်နေကြောင်း အမေရိကန်စက်မှုလုပ်ငန်းရှင်များနှင့် ကွန်ဂရက်အဖွဲ့ဝင်အချို့က စွပ်စွဲထားပြီး တင်သွင်းလာသည့် ပစ္စည်းအများအပြားသည် ဈေးနှုန်းအလွန် လျော့နည်းကာ ၎င်းတို့၏ ပုံစံတူပစ္စည်းများသည် အမေရိကန်စက်ရုံမှ ဈေးထက် ၁၀ ပုံ ၁ပုံသာ ရှိသောကြောင့် အမေရိကန်နိုင်ငံအတွင်းမှ ကုမ္ပဏီများအနေဖြင့် ရပ်တည်ရန် ခက်ခဲကြောင်း ထောက်ပြပြောဆိုကြသည်။

လွန်ခဲ့သည့် သီတင်းပတ်များအတွင်းက ကုမ္ပဏီ ၃ ခုထက်မနည်းသည် နှာခေါင်းစည်း၊ အကာအကွယ်ဝတ်စုံများ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းခဲ့ရသလို ဗာဂျီးနီးယားပြည်နယ်တွင် လွန်ခဲ့သည့် ၁ နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မကြာသေးမီက ဝန်ထမ်း၂၈၀ အလုပ်ဖြုတ်ခဲ့ရသည့် Premium-PPE ကုမ္ပဏီ အပါအဝင် အခြား ကုမ္ပဏီများသည်လည်း ထုတ်လုပ်မှု လျှော့ချခဲ့ရသည်။

“ဒီလုပ်ငန်းဟာ မှန်ကွဲကျသလိုဖြစ်နေပါပြီ” ဟု ကုမ္ပဏီ ပူးတွဲပိုင်ရှင် ဘရန်ဒီလီက ပြောသည်။

ကမ္ဘာပေါ်တွင် ကျန်းမာရေးဆိုင်ရာ အကာအကွယ်ပစ္စည်းများကို အများဆုံး တင်ပို့ရောင်းချနေသည့် တရုတ်နိုင်ငံက ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်တွင် ယင်းပစ္စည်းများအား ပြည်ပသို့ တင်ပို့ရောင်းချမှု ရပ်ဆိုင်း ပြီးနောက် Premium-PPE ကုမ္ပဏီ သည် အခြား လုပ်ငန်းအသစ်များကဲ့သို့ပင် နှာခေါင်းစည်းထုတ်လုပ်သည့် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ကျွန်တော်တို့အများစု မလည်ပတ်နိုင်တာ ၆ လရှိပါပြီ။ နိုင်ငံအဆင့် ကျန်းမာရေး အရေးပေါ်အခြေအနေ နောက်တစ်ကြိမ် ဖြစ်လာခဲ့ရင် အမေရိကန်အတွက် မကောင်းပါဘူး” ဟု ဒီလီက ပြောသည်။

တစ်ကိုယ်ရည် ကာကွယ်ရေးသုံးပစ္စည်း ပြည်တွင်းထုတ်လုပ်သူများ ထိခိုက်မှုသက်သာစေရေးအတွက် အိမ်ဖြူတော်မှ အစီအစဉ်အချို့ကို ကြေညာပေးခဲ့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် ပိုမိုထိရောက်သည့် ကုန်သွယ်ရေး မူဝါဒများနှင့် ကုမ္ပဏီဆက်လက်လည်ပတ်စေနိုင်မည့် ကုန်ပစ္စည်းရောင်းချရေးပုံစံများ ပြောင်းလဲရေးကို စောင့်ဆိုင်းနေကြသည်။

အရေးကြီးသည့် ပြည်တွင်းမှ ဆေးဝါးပစ္စည်းထုတ်လုပ်မှုကို ပံ့ပိုးရန် လာမည့် ၃ နှစ်အတွက် ၁နှစ်လျှင် ဒေါ်လာ သန်း ၅၀၀ သုံးစွဲမည့် အစီအစဉ်ကို ကွန်ဂရက်တွင် သဘောတူညီထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly