ကိုဗစ် ကူးစက်မှု မြင့်တက်လာသောကြောင့် ဂွမ်ကျိုးမြို့တော်အတွင်း အသွားအလာ ပိတ်ပင်

ကိုဗစ် ကူးစက်မှု မြင့်တက်လာသောကြောင့် ဂွမ်ကျိုးမြို့တော်အတွင်း အသွားအလာ ပိတ်ပင်

ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာသောကြောင့် တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ကျိုးမြို့နှင့် ကပ်လျှက်ဒေသသို့ သွားလာခွင့် ပိတ်ပင်ကာ ဒေသခံများအနေဖြင့် ဆေးစစ်ခြင်းများ ခံယူရေးအတွက် မေ၂၉ ရက်က အိမ်ပြင်သို့ မထွက်ရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင် မြောက်ဖက်ရှိ လူဦးရေ ၁၅ သန်းခန့်ရှိသော စီးပွားရေးနှင့် စက်မှုမြို့တော် ဂွမ်ကျိုးတွင် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ကူးစက်ခံရသူ ၂၀ ဦး ထပ်မံတွေ့ရှိခဲ့သည်။ ယင်းအရေအတွက်သည် အိန္ဒိယတွင် နေ့စဉ်ထောင်ဂဏန်းနှင့် ချီ၍ ကူးစက်ခံရသည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက အလွန်လျော့နည်းသော်လည်း ရောဂါကို ထိန်းချုပ်နိုင်ပြီဟု ယုံကြည်ထားသည့် တရုတ်အာဏာပိုင်များအတွက် စိုးရိမ်စရာ ဖြစ်ခဲ့သည်။

ကူးစက်ရောဂါ ပျံ့နှံ့မှုသည် လျင်မြန်၊ အားကောင်းသည်ဟု ကျန်းမာရေးအရာရှိများ၏ ပြောကြားချက်ကို ကိုးကားလျှက် Global Times သတင်းစာတွင် ဖော်ပြသည်။

ဂွမ်ကျိုးမြို့အတွင်း လေဟာပြင်ဈေးများ၊ ကလေးစောင့်ရှောက်ရေးဌာနများ၊ ဖျော်ဖြေရေးနေရာများကို ပိတ်ထားသလို စားသောက်ဆိုင်ခန်းများတွင် စားသောက်ခြင်းကိုလည်း တားမြစ်ကာ အခြေခံပညာကျောင်းများတွင် စာသင်ခန်းတွင်း၌ လူကိုယ်တိုင် လာရောက်ပညာသင်ကြားခြင်းကိုလည်း ရပ်ဆိုင်းထားသည်။

ကူးစက်မှု ကနဦးအဆင့်တွင် သိန်းနှင့်ချီသည့် ဒေသခံများကို ရောဂါ စစ်ဆေးမှုခံယူရန် မြို့တော်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းအထိ စမ်းသပ်ပြီးသူ ၇ သိန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံတွင် ထပ်မံကူးစက်မှုအချို့ နေ့စဉ်ရှိနေသော်လည်း အများစုသည် ပြည်ပမှ ကူးစက်ခံလာရသူများသာ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

ရရှိထားသည့် စာရင်းများအရ တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၁၀၆၁ဦးနှင့် သေဆုံးသူ ၄၆၃၆ ဦး ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly