မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်နယ်မြေတွင် ဥမင်သစ်တည်ဆောက်ထားကြောင်း ဂြိုဟ်တုမှ တွေ့ရှိ

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်နယ်မြေတွင် ဥမင်သစ်တည်ဆောက်ထားကြောင်း ဂြိုဟ်တုမှ တွေ့ရှိ

ပြုံယမ်း၊ ဒီဇင်ဘာ ၃ ။              ။ မကြာသေးမီက ဂြိုဟ်တုဓာတ်ပုံများကို စိစစ်ချက်များအရ မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ နျူကလီးယား စမ်းသပ်နယ်မြေတွင် ဥမင်သစ် တည်ဆောက်ထားကြောင်း ယုံကြည်ရသည့် အမေရိကန်ပညာရှင်အဖွဲ့က ပြောသည်။

အမေရိကန်-ကိုရီးယားသက်မွေးသိပ္ပံက လုပ်ဆောင်သည့် 38 North ဝက်ဘ်ဆိုက်ပေါ်တွင် ယင်းသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဂြိုဟ်တုဓာတ်ပုံများမှာ ဧပြီနှင့် နိုဝင်ဘာလအကြားက ဓာတ်ပုံများကို သုတေသနဆန်းစစ်ရာမှ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား Punggye-ri နျူကလီးယားစမ်းသပ်ဇုန်တွင် လုပ်ကွက်သစ်အဖြစ် တည်ဆောက်ခြင်းဖြစ်ဟန်ရှိသည်။

သို့သော် ယင်းတူမြောင်းသစ်တွင် မည်သည့် နျူကလီးယားစမ်းသပ်မှုကိုမျှ ပြုလုပ်သေးခြင်း လက္ခဏာမတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖောြ်ပသည်။

မြောက်ကိုရီးယားနိုင်ငံသည် Punggye-ri ဇုန်တွင် ၂၀၀၆၊ ၂၀၀၉ နှင့် ၂၀၁၃ ခုနှစ်များတွင် မြေအောက်နျူကလီးယားစမ်းသပ်မှု သုံးကြိမ်ပြုလုပ်ခဲ့သည်။

၎င်း၏ နျူကလီးယားစီမံကိန်းသည် နိုင်ငံတကာအသိုက်အဝန်းအတွက် လွန်စွာစိုးရိမ်နေကြသည့် အကြောင်းချင်းရာတစ်ရပ်ဖြစ်သည်။

ယခုဥမင်သစ်သည် နျူကလီးယားဇုန်၏ နယ်သစ်အပိုင်းတွင် ရှိနေခြင်းဖြစ်ကြောင်း ဂြိုဟ်တုပုံရိပ်များအရ အကဲဖြတ်သည်။ နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် ဥမင်ဟောင်း သုံးခုနှင့် သီးခြားတွင် ရှိနေခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

"အခုဥမင်သစ်မှာ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုတွေ မလုပ်ရသေးဟန်တော့ ရှိပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ဖောက်ခွဲစမ်းသပ်လိုရင် လုပ်နိုင်တဲ့ အနေအထား အသင့်ရှိနေတာပါပဲ။"ဟု ယင်းဝက်ဘ်ဆိုက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly