တိဘက်အား တရုတ်ပြည်နယ်အဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းခံနေရ

တိဘက်အား တရုတ်ပြည်နယ်အဖြစ်သို့ ပြောင်းလဲရန် ကြိုးပမ်းခံနေရ

တရုတ်အစိုးရက တိဘက်လူမျိုးများအား ဖိနှိပ်မှုများ ဆက်လက်ပြုလုပ်နေစဉ် ပြည်ပရောက်တိဘက်အစိုးရ၏ သမ္မတဟောင်း လော့ဘ်ဆန် ဆန်ဂေးက တိဘက်အား တရုတ်ပြည်နယ်အဖြစ် ပြောင်းလဲရန် တရုတ်က ကြိုးပမ်းနေကြောင်း သတိပေးထားသည်။

"သူတို့က တိဘက်ကို တရုတ်ပြည်နယ်တစ်ခု ဖြစ်စေချင်နေသလို၊ တိဘက်လူမျိုးတွေကိုလဲ တရုတ်လူမျိုးဖြစ်စေချင်နေပါတယ်" ဟု Fox News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဆန်ဂေးက ပြောဆိုခဲ့သည်။

လူအများအားအတင်းအဓမ္မသားကြောဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို တိဘက်တွင် တရုတ်စစ်တပ်က တိုးမြှင့်ပြုလုပ်နေခြင်းကို“ ရပ်တန့်ရမည်” ဟု ဆန်ဂေးက ပြောကြားခဲ့သည်။

“တရုတ်အနေနဲ့ ကမ္ဘာကြီးရှေ့မှောက်မှာ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကတော့ တရုတ်က ကိုယ်တိုင် ပြုပြင်ပြောင်းလဲမလား၊ တရုတ်က ပြုပြင်ပြောင်းလဲတာကို ခံမလားဆိုတာပါပဲ” ဟု သူက ဆိုသည်။

တိဘက်ဗဟိုအစိုးရ (CTA) ၏ သမ္မဟောင်းသည် မကြာသေးမီက အမေရိကန်သို့ အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး တရုတ်၏ ရန်လိုမှုများ များလာသည့်အတွက် တိဘက်အားပိုမိုထောက်ခံမှုပေးရန် အမေရိကန်သမ္မတ ဘိုင်ဒင်အစိုးရကို ဖိအားပေးတောင်းဆိုခဲ့သည်။

Fox News မှ ဖော်ပြချက်အရ တိဘက်တွင် လူအခွင့်အရေးချိုးဖောက်မှုများပိုမိုဆိုးရွားလာနေကြောင်း၊ ကဗျာဆရာများ၊ အနုပညာရှင်များနှင့် အဆိုတော်များပင် တိဘက်အနုပညာဖန်တီးမှုကြောင့်ဖမ်းဆီးခံရခြင်း နှင့် တိုင်းပြည်သို့ မပြန်လာနိုင်သည့် တိဘက်ဘာသာရေးခေါင်းဆောင်ဒလိုင်းလားမား၏ ရုပ်ပုံများကိုပြသခြင်းကြောင့် ညှဉ်းပန်းနှိပ်စက် ခံနေရကြောင်း ဆိုသည်။

အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Freedom House ၏အဆိုအရ တိဘက်သည် ယခုအခါ ကမ္ဘာပေါ်တွင် ဆီးရီးယားကဲ့သို့ပင် လွတ်လပ်မှုအနည်းဆုံးနိုင်ငံဖြစ်နေသည်။

နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာအထိမ်းအမှတ်နေရာများကို ပိတ်ပင်တားမြစ်ထားပြီး၊ ၎င်းတို့၏ အလံများကို ဆွဲချခြင်း၊ နှစ်ထောင်ချီကြာမြင့်နေပြီဖြစ်သည့် တိဘက်ယဉ်ကျေးမှုကို တရုတ်က ဖယ်ရှားပစ်ရန်ကြိုးပမ်းသည့်အနေဖြင့် သီလရှင်များနှင့် သံဃာတော်များကို စခန်းတွင် ပိတ်လှောင် ဖမ်းဆီးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required