မဲရုံစောင့် အထူးရဲများ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက်နိုင်ရန် စိစစ်နေ

မဲရုံစောင့် အထူးရဲများ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက်နိုင်ရန် စိစစ်နေ

ဒီဇင်ဘာ ၃ ။           ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရုံစောင့်ကြည့်ရန် တစ်လခန့်အပ်ထားသော အထူးရဲများအား မြန်မာနိုင်ငံရဲတပ်ဖွဲသို့ ဝင်ရောက်နိုင်ရန် စာရင်းတင်ထားသူများ ကို စိစစ်နေသည်ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးကြီး ဝင်းဗိုလ်က မဇ္ဈိမသို့ပြောသည်။

''လက်ရှိ ခြောက်ဦး စစ်ဆေးပြီးအရည်အချင်းပြည့်မီလို့ ရွေးချယ်ပြီးပြီ။ သင်တန်းတက်ဖို့စောင့်နေ တယ်။ နောက် စာရင်းတင်ထားတာတွေ အများကြီးရှိတယ်။ စိစစ်နေတုန်းဘဲ။ အထူးရဲနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ က ရွေးချယ်ပုံခြင်းတော့ မတူဘူး။'' ဟု ရန်ကုန်တိုင်းအခြေအနေကို ၎င်းက ပြောသည်။

အထူးရဲ ရွေးချယ်ရာတွင် အသက် ၁၈ နှစ်ထက်မငယ် ၆၀ နှစ်ထက်မကြီး၊ မပိန်လွန်း၊ မဝလွန်း၊ မပုလွန်း၊ မရှည်လွန်း၊ မျက်မြင်ကျန်းမာရေးသာကြည့်၍ရွေးချယ်ခဲ့သည်ဟု ရဲမှူးကြီးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်ရွေးချယ်ရာတွင် အသက် ၁၈ နှစ်ထက်မငယ် ၃၀ နှစ်ထက်မကြီး၊ အရပ် ၅ ပေ ၃ လက္မ၊ ကျန်းမာရေး အသေးစိတ် ဆေးစစ်ချက်လိုအပ်သည်ဟု သိရသည်။

မင်္ဂလာတောင်ညွန်မြို့နယ်၊ တောင်လုံးပြန်ရပ်ကွက်မှ အထူးရဲတာဝန်ထမ်းဆောင်ခဲ့သူ ဦးကျော်ကျော်အောင် က ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၃ ရက်နေ့ မြို့နယ်မှူးရုံးတွင်ပြုလုပ်သော ဂုဏ်ပြုလွှာပေးအပ်ပွဲတွင် မြို့နယ်မှူး ရဲမှူး သိန်းအောင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဆန္ဒရှိသူများ ဝင်ရောက်နိုင်ကြောင်းပြောခဲ့သည်ဟုဆိုသည်။

''ဂုဏ်ပြုလက်မှတ်ပေးတဲ့ပွဲမှာ ရဲမှူးက ဆန္ဒရှိသူတွေရဲတပ်ဖွဲ့ထဲ ဝင်နိုင်တယ်လို့ပြောတယ်။ တောင်ညွန့် မှာ အထူးရဲ ၇၆ ဦးရှိတယ်။ ကျွန်တော်နဲ့သိတဲ့သူ သုံးဦးစာရင်းတင်တယ်။ တစ်ဦးက အသက်ကျော်လို့ အရွေးမခံရဘူး။ အသက်မီတဲ့သူ တော်တော်များများတင်ကြတယ်ကြားတယ်။'' ဟု၎င်းက ပြောသည်။

အထူးရဲများအား ရွေးကောက်ပွဲကာလ ပြဿနာများဆောင်ရွက်ပေးရန် လုံခြုံရေးအတွက် ခေါ်ထားခြင်းဖြစ်ပြီး စတင်တာဝန် ထမ်းဆောင်ချိန်မှ ပြီးဆုံးချိန်ထိ ပြည်ထဲရေးကသာ ကိုင်တွယ် ကြောင်း၊ ဆက်လက်ဆောင်ရွက်သည့်ကိစ္စများမှာ ပြည်ထဲရေးနှင့်သာ သက်ဆိုင်တော့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲကာလ အထူးရဲ ငါးသောင်းကျော်ခန့်အပ်ခဲ့ပြီး စာတွေ့၊ လက်တွေ့၊ စစ်ရေးပြ၊ ရဲကျင့်ဝတ်စည်းကမ်းတို့ သင်ကြားရပြီးမှ စည်းကမ်းချက်ကတ်ပြားထုတ်ပေးကာ တာဝန် ထမ်းဆောင်ရသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly