အများပြည်သူမဲပေးပိုင်ခွင့်များကို လျော့ပါးစေခြင်းဖြင့် ဟောင်ကောင် ဒီမိုကရေစီကို ဖျက်ဆီးရန် တရုတ် လုပ်ဆောင်

By Zee News
31 May 2021
အများပြည်သူမဲပေးပိုင်ခွင့်များကို လျော့ပါးစေခြင်းဖြင့် ဟောင်ကောင် ဒီမိုကရေစီကို ဖျက်ဆီးရန် တရုတ် လုပ်ဆောင်

ဟောင်ကောင်၌ ရွေးကောက်ပွဲ စည်းမျဉ်းများကို အလုံးစုံ ပြင်ဆင်ခြင်းနှင့်အတူ တရုတ်သည် အများပြည်သူ ဆန္ဒမဲပေးပိုင်ခွင့်များကို လျော့ပါးစေခြင်းဖြင့် အတိုက်အခံများကို ချေမှုန်းထားသည်။

ဟောင်ကောင် ဥပဒေပြုလွှတ်တော်သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် မူကြမ်းတစ်ခုကို အတည်ပြုခဲ့ပြီး ထိုအတည်ပြုလိုက်သည့် ဥပဒေမူကြမ်းက ဟောင်ကောင်ကျွန်းသူကျွန်းသားများ၏ မဲပေးခွင့်ကို ထိထိရောက်ရောက် လျော့ပါးထားစေခဲ့သည်။ ဟောင်ကောင်လွှတ်တော်အတွက် ဥပဒေပြုလွှတ်တော်အမတ်အများစုကို အမျိုးသားလုံခြုံရေးအရာရှိများ စိစစ်သည့် ပေကျင်းလိုလားသော ကော်မတီတစ်ခုက ရွေးချယ်သွားမည် ဖြစ်သည်။

ပေကျင်းသည် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်အပေါ် ထိန်းချုပ်မှု ထပ်မံ တင်းကျပ်နေစဥ် ယခုကဲ့သို့ ဟောင်ကောင် ရွေးကောက်ပွဲဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ်နောက်ပိုင်း လများစွာနှင့်ကြာသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် နိုင်ငံရေး ပဋိပက္ခများကို မြင်တွေ့ထားခဲ့ရသည်။

ယခု နောက်ဆုံး တရုတ်တို့ ထပ်မံလုပ်ဆောင်လာသည့် လုပ်ဆောင်ချက်က တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်နေသော မြို့ရှိ ဒီမိုကရေစီ အင်စတီကျူးရှင်းများကို လျော့ပါးစေရုံတင်မကဘဲ ပျံ့နှံ့ဖြစ်ပေါ်ထားခဲ့သည့် ဒီမိုကရေစီလိုလားသော သဘောထားများကိုပါ ဖျက်ဆီးထားခဲ့သည်။

ထို့ပြင် ယင်းသည် ဟောင်ကောင်ပြည်သူများ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်မှုပိုင်းတွင် အဓိပ္ပါယ်ရှိစွာ ပါ၀င်ခြင်းနှင့် ၎င်းတို့ ကာလရှည် တိုက်ပွဲ၀င်နေသည့်အရာအတွက် သဘောထားအသံများ အများကြားသိစေရန် ထုတ်ဖော်ခြင်းတို့အပေါ် ကြီးကြီးမားမား ကျဥ်းမြောင်းစေမည်ဖြစ်သည်။

ရွေးကောက်ပွဲဆိုင်ရာ လှန်လှောပြောင်းလဲမှုက ၂၀၁၉ ခုနှစ် အစိုးရဆန့်ကျင်သော မငြိမ်မသက်မှုများအတွင်း အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခဲ့သည့် “ဟာကွက်၊ ပျော့ကွက်များ” ကို ဖယ်ရှားပစ်ရန် ရည်ရွယ်သလို ဟောင်ကောင်ကို “မျိုးချစ်ပုဂ္ဂိုလ်များ” သာလျင် စီမံကွပ်ကဲနိုင်စေရေး သေချာစေရန် ရည်ရွယ်ကြောင်း တရုတ် အာဏာပိုင်တို့က ပြောခဲ့သည်။

တိုက်ရိုက် ရွေးကောက်ပွဲများဖြင့် ရွေးချယ်ဖြည့်တင်းသည့် ဥပဒေပြုလွှတ်တော်တွင်းရှိ ကိုယ်စားလှယ်နေရာ အချိုးအစားကိုလည်း ယခုအပြောင်းအလဲများကြောင့် ထက်၀က်ကနေ လေးပုံ တစ်ပုံထက် လျော့နည်းသည့် ပမာဏသို့ လျော့ကျသွားစေမည် ဖြစ်သည်။

အဖွဲ့သစ်သည် ကိုယ်စားလှယ်များကို စိစစ်မည်ဖြစ်သလို တရုတ်ကို လုံလောက်စွာ သစ္စာခံမှု မရှိဟု ယူဆခံရသူများကို ရွေးကောက်ပွဲ ပါ၀င်ယှဥ်ပြိုင်ခြင်းကနေ တားမြစ်မည် ဖြစ်သည်။

ဟောင်ကောင် ဥပဒေပြုလွှတ်တော်ရှိ ကိုယ်စားလှယ်နေရာ အရေအတွက်ကို ၇၀ မှ ၉၀ အထိ တိုးချဲ့မည် ဖြစ်သလို ယင်းတို့အနက် ၄၀ ကို ပေကျင်းလိုလားသော ရွေးကောက်ပွဲ ကော်မတီတစ်ခုက ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။ ထိုကော်မတီသည် ဟောင်ကောင် အမှုဆောင်အရာရှိချုပ် ရွေးချယ်ခြင်းအတွက်လည်း တာ၀န်ယူမည်ဖြစ်သည်။ ဟောင်ကောင် မဲဆန္ဒရှင်များ တိုက်ရိုက်ရွေးချယ်မည့် လွှတ်တော် ကိုယ်စားလှယ်အရေအတွက်မှာ ယခင် ၃၅ ဦး ရှိခဲ့ရာကနေ ယခုအခါ ၂၀ ကို လျော့ကျသွားမည်ဖြစ်သည်။

ထို့ပြင် ဥပဒေသစ်အရ လွှတ်တော်အတွက် ဖြစ်နိုင်ဖွယ် ကိုယ်စားလှယ်များ၏ နောက်ကြောင်းရာဇ၀င်များကို စစ်ဆေးရန် နှင့် ကိုယ်စားလှယ်များ “မျိုးချစ်စိတ်ထက်သန်သူများ” ဖြစ်စေရေးကို သေချာစေရန် ဆောင်ရွက်မည့် ကော်မတီသစ်တစ်ခု ထူထောင်ရန် ဟောင်ကောင် အမျိုးသားလုံခြုံရေးဌာနကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသည်။

ပေကျင်း လိုလားသော ဥပဒေပြုအမတ်တစ်ဦးက အပြောင်းအလဲများနှင့်ပတ်သက်ပြီး အလွန် လိုက်ဖက်စွာပင် ပြောဆိုခဲ့ပြီး “ဤ စာမျက်နှာ ၆၀၀ ခန့်ရှိသည့် ဥပဒေ၏ အဓိကဆိုလိုရင်းမှာ မျိုးချစ်စိတ်ထက်သန်သူများ အုပ်ချုပ်သည့် ဟောင်ကောင်သာ ဖြစ်သည်” ဟု ပြောခဲ့သည်။

ယခု ပြောင်းလဲမှုများအပေါ် အမေရိကန်က အလျင်အမြန်ပင် ပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်သည် ဟောင်ကောင်၏ ဒီမိုကရေစီ အင်စတီကျူးရှင်းများကို လျော့ပါးစေလျက် ရှိကြောင်း အမေရိကန်က စွပ်စွဲသွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly