မန္တလေး ကန်တော်ကြီးမြောက်ဘက်ခြမ်းမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ငါးမွေးကန်မြေနေရာ သိမ်းထားခြင်းမဟုတ်ဟုငြင်းဆို

မန္တလေး ကန်တော်ကြီးမြောက်ဘက်ခြမ်းမှ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ငါးမွေးကန်မြေနေရာ သိမ်းထားခြင်းမဟုတ်ဟုငြင်းဆို

မန္တလေး၊ဒီဇင်ဘာ - ၃ ။          ။ မန္တလေးမြို့၊ကန်တော်ကြီးမြောက်ဘက်ခြမ်း အကွက်အမှတ် ၄၀၅ အတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ငါးမွေးမြူရေးကန်များသည် ဒေသခံများထံမှ သိမ်းယူ ထားခြင်းမဟုတ်ဘဲ စည်ပင်သာယာရေးကော်မတီမှ ငှားရမ်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၅)စစ်နယ်မြေမှူး ဗိုလ်မှူးမင်းဟိန်း က မဇ္ဈိမ ကိုပြောသည်။

စစ်တပ်မှသိမ်းယူထားသည်ဟု ဒေသခံမူလပိုင်ရှင်များက သက်ဆိုင်ရာအထက် အဆင့်ဆင့်တင်ပြတောင်းခံခြင်း များရှိနေခြင်းကြောင့်  ၂၀၁၅ခုနှစ်၊ဒီဇင်ဘာလ ၁ ရက် က ကန်တော်ကြီးစားဥယျာဉ် တွင် ဒေသခံများကို ခေါ်ယူကာရှင်းပြခဲ့ပြီးဖြစ်ကြောင်း၊ငါးမွေးမြူရေးကန်များကို စည်ပင်သာယာရေးကော်မတီထံမှငှားရမ်း၍ တပ်ရက္ခာအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဗိုလ်မှူးမင်းဟိန်းက ဆိုသည်။

“ငါးကန်တွေကို အရင်ကလည်းသိမ်းတာမဟုတ် သလို ခုလည်း သိမ်းတာမရှိဘူး။ သပိတ်ကျင်း၊ပြင်ဦးလွင် စတဲ့နေရာတွေက စစ်ကြောင်းကြီးတွေမှာ ငါးရိက္ခာရဖို့  စည်ပင်ကနေငှားရမ်းခဲ့တယ်။ စဉ်ဆက်မပြတ်အဲလိုသုံးခဲ့တာပဲ။”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိအခြေအနေတွင်၊အမှတ် ၅စစ်နယ်မြေက မလုပ်နိုင်သောကြောင့်ငါးမွေးမြူ ရေးလုပ်ကိုင်နိုင် သည့် ဦးတင်မြင့်အား လုပ်ကိုင်ခွင့်ပေး၍ လိုအပ်သည့် ငါးရိက္ခာပေးသွင်း စေခြင်းဖြင့် တဆင့်လုပ်ကိုင်ခိုင်ခြင်းသာဖြစ်သည်ဟု ဗိုလ်မှူ း မင်းဟိန်း  ကဆက်လက်ဆိုသည်။

ငါးကန်နှင့်ဆက်စပ် မြေများကိုလည်း သိမ်းယူထားခြင်းမရှိ၍မူလပိုင်ရှင်များ ဘက်က ပြန်လည်ရယူလိုလျင် မြို့တော်စည်ပင်သို့ဆက်လက်တင်ပြတောင်း ဆိုရမှာဖြစ်သည်ဟု ဗိုလ်မှူ းမင်းဟိန်း ကဆိုသည်။

"ကျွန်တော်တို့သိမ်းခဲ့တာမဟုတ်တဲ့အတွက် စည်ပင်ကပြန်စွန့်လွှတ်ရင် ကျွန်တော်တို့အနေနဲ့ကန့်ကွက်စရာမရှိပါဘူး။"ဟု ဗိုလ်မှူးမင်းဟိန်း ကပြောသည်။

အဆိုပါနေရာရှိ သံလျက်မှော်/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က “ငါးကန်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ပိုင်ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ဆိုတော့ အများပြည်သူကတပ်ကဘဲ သိမ်းထားတယ်လို့  အထင်မှားနေတာပါ။”ဟုပြောသည်

အဆိုပါ ငါးကန်များနေရာတွင် ကုန်းမြေများပါဝင်နေပြီးယခင်က ကုန်းမြေများတွင် မူလပိုင်ရှင်များက ရာသီပေါ်သီးနှံများစိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ယခုအခါတွင်ကုန်းမြေများပေါ်သို့ပိုင်ရှင်ဆိုသူများပင် ဝင်ရောက်ခွင့် မရရှိဘဲ တားဆီးမှုများရှိခဲ့ပြီး ဖမ်းဆီးအရေးယူမှုများလည်းရှိခဲ့သည်ဟု ဒေသခံတစ်ချို့ကဆိုသည်။

“ကျွန်မဦးလေးက အင်းထဲကိုဆင်းပြီး ကန်ဇွန်းရွက်ခူးတာကိုငါးကန်စောင့်သူတွေက ငါးခိုးတယ်ဆိုပြီး စက် လှေတွေနဲ့ ဖမ်းသလိုကုန်းပေါ်ကနေ ဖမ်းတာမျိုးလုပ်တယ်။ကိုယ်ပိုင်တဲ့ ကုန်းမြေကိုတောင်
သွားလို့မရဘဲ ငါးခိုးမှုုတပ်ပြီး အချုပ်ထဲပို့တာ တော်တော်များတယ်။”ဟုသိမ်းဆည်းခံမြေများတွင်ပါဝင်သည့် မလှလှမိုးက ပြောသည်။

အဆိုပါ ငါးကန်ကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက "စည်ပင်က သိမ်းတာတော့ဟုတ်တယ်။ဒါပေမယ့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြန်လွှဲခဲ့တယ် ထင်တယ်။"ဟုပြောသည်။

အဆိုပါ ငါးကန်ဧရိယာသည် ၂၇၄ ဒသမ ၄ ဧက ကျယ်ဝန်းပြီး ၁၉၉၆ ခုနှစ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းယူခဲ့သည်ဟု ငါးကန်နှင့်ကုန်းမြေအသိမ်းခံရသူများကဆိုသည်။

"စစ်တပ်ကသိမ်းထားတာမဟုတ်ဘူးဆိုရင် သူတို့ဆိုင်းဘုတ်မထောင်နဲ့လေ အခုကျမှစည်ပင်ကသိမ်းတယ်လာမလုပ်နဲ့ ကျွန်တော်တို့စာတင်တောင်းဆိုနေတာကြာပြီ။"ဟု အသိမ်းခံထားရသူ ဦးမြင့်အေး က ပြောသည်။

အဆိုပါ ငါးကန်နှင့်ကုန်းမြေပြန်ရရှိရေးအတွက် ၂၀၁၂ ခုနှစ်မှစတင်၍ သက်ဆိုင်ရာအဆင့်ဆင့်ကိုစာတင်၍ တောင်းဆိုနေခဲ့ကြပြီး ဆက်လက်၍လည်း စည်ပင်သာယာရေးကော်မတီအပါအဝင် သက်ဆိုင်ရာအဆင့်ဆင့်ကို ပြန်လည်စာတင်၍ တောင်းဆိုမှုများပြုလုပ်သွားမည်ဟု ဒေသခံများကဆိုသည်။

"ဘယ်သူသိမ်းသိမ်းပါ။စစ်တပ်ကပဲသိမ်းသိမ်း။စည်ပင်ကပဲသိမ်းသိမ်း သိမ်းတာဟာသိမ်းတာပါပဲ။အခုမှ ထမင်းရည်ပူလျှာလွဲလုပ်တာမျိုးတော့ လက်သင့်မခံဘူး။"ဟု အဆိုပါကန်များပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးနေသူ ဦးအေးသိန်း ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly