အစ္စရေးမှာ နေတန်ယာဟု မပါတဲ့ အစိုးရတစ်ရပ် ဖွဲ့ဖို့ အတိုက်အခံတွေ ကြိုးပမ်း

အစ္စရေးမှာ နေတန်ယာဟု မပါတဲ့ အစိုးရတစ်ရပ် ဖွဲ့ဖို့ အတိုက်အခံတွေ ကြိုးပမ်း
Photo - AFP

မေ ၃၁

အစ္စရေးနိုင်ငံမှာ သက်တမ်းအရှည်ဆုံး ခေါင်းဆောင် ၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်စေနိုင်မယ့် ဖြစ်နိုင်ခြေရှိ ညွန့်ပေါင်းအစိုးရတစ်ရပ်မှာ ၎င်းလည်း ပူးပေါင်းပါ၀င်မှာ ဖြစ်တယ်လို့ အစ္စရေး အမျိုးသားရေး၀ါဒ တရားသေစွဲကိုင်သူ နတ်ဖ်တာလီ ဘန်းနက်တ်က မေလ ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂ ရက် deadline သတ်မှတ်ချက်တစ်ခုမတိုင်မီ အကြိတ်အနယ် ဆွေးနွေးမှုတွေအတွင်း လက်ယာယိမ်း နေတန်ယာဟုအပေါ် ဥပဒေပြုအမတ်တွေရဲ့ ဆန့်ကျင်မှုတွေ ရှိထားခဲ့ပါတယ်။

အသက် ၇၁ နှစ်ရှိ ၀န်ကြီးချုပ် နေတန်ယာဟုကတော့ နိုင်ငံမှာ နှစ်နှစ်တာအတွင်း အဖြေမပေါ်တဲ့ ရွေးကောက်ပွဲ လေးကြိမ်အထိ မြင်တွေ့ခဲ့ရတဲ့ နိုင်ငံရေးအခြေအနေ ကာလတစ်ခုအတွင်း အာဏာကို ရယူထားနိုင်ခဲ့ပါတယ်။

နေတန်ယာဟုဟာ လာဘ်ယူမှု၊ လိမ်လည်မှု၊ ယုံကြည်မှု ချိုးဖောက်မှု စွဲချက်တွေနဲ့ ရုံးတင်စစ်ဆေးခံထားရပြီး ထိုစွဲချက်တွေကို ၎င်းဘက်က ငြင်းဆန်ထားပါတယ်။

မတ်လ ရွေးကောက်ပွဲတစ်ခုမှာ နေတန်ယာဟုရဲ့ လီကွတ်ဒ် ပါတီက နေရာအများစု အနိုင်ရခဲ့ပေမယ့် အစိုးရတစ်ရပ် ဖွဲ့နိုင်တဲ့အထိ ပမာဏကို မရခဲ့တဲ့နောက် ယခုအခါမှာ အတိုက်အခံ ‌ခေါင်းဆောင် ရုပ်မြင်သံကြား အစီအစဥ်မှူးဟောင်း ယဲ လာပစ်ဒ်က ပြိုင်ဘက် ညွန့်ပေါင်းအစိုးရအဖွဲ့တစ်ခု ဖွဲ့ဖို့ ကြိုးပမ်းရမယ့် နောက်ဆုံးနေ့တွေထဲ ရောက်နေပြီဖြစ်ပါတယ်။

အသက် ၅၇ နှစ်ရှိ လာပစ်ဒ်ဟာ မတူညီတဲ့ အစုအဖွဲ့တွေ ပါ၀င်မယ့် မဟာမိတ်အဖွဲ့တစ်ခု ထူထောင်ဖို့ ကြိုးပမ်းနေပြီး အဲဒီအထဲမှာ ဘန်းနက်တ် နဲ့ အာရတ်-အစ္စရေး ဥပဒေပြုအမတ်တွေ ပါ၀င်ဖို့ ရှိနေပါတယ်။

လက်ရှိ၀န်ကြီးချုပ် နေတန်ယာဟုကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး လာပစ်ဒ်ဟာ အလှည့်ကျ တာ၀န်ယူမယ့် ၀န်ကြီးချုပ်ရာထူးရဲ့ ပထမသက်တမ်းကို အသက် ၄၉ နှစ်အရွယ် ဘန်းနက်တ်ကို ထမ်းဆောင်ခွင့်ပြုပြီး အာဏာဝေမျှမှု လုပ်မယ်လို့ ကမ်းလှမ်းထားပါတယ်။

ဘန်းနက်တ်ကလည်း ၎င်းရဲ့ ဘာသာရေး-အမျိုးသားရေး၀ါဒီ ယာမီနာ ပါတီ အဖွဲ့၀င်တွေနဲ့ တွေ့ခဲ့ပြီးနောက် “ကျွန်တော်ကတော့ ကျွန်တော့်မိတ်ဆွေ ယဲ လာပစ်ဒ်နဲ့အတူ အမျိုးသား ညီညွတ်ရေးအစိုးရတစ်ရပ်ကို ဖွဲ့ဖို့ အရာအားလုံးကို လုပ်သွားပါမယ်” လို့ ‌ပြောခဲ့ပါတယ်။

ယာမီနာပါတီကတော့ မတ်လ ၂၃ ရွေးကောက်ပွဲမှာ နေရာ ခုနစ်နေရာ အနိုင်ရခဲ့ပေမယ့် တစ်ဦးကတော့ နေတန်ယာဟုကို ဆန့်ကျင်မယ့် ညွန့်ပေါင်းအဖွဲ့မှာ ပူးပေါင်းမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။

နိုင်ငံမှာ ၁၂ နှစ် ဆက်တိုက် အာဏာရယူထားတဲ့ ၀န်ကြီးချုပ် နေတန်ယာဟုကတော့ ယခုလို ၎င်းကို ဖယ်ထုတ်ပြီး အစိုးရ ဖွဲ့မယ့် အစီအစဥ်ကို ဆန့်ကျင်ထားပြီး ယင်းဟာ အစ္စရေးနိုင်ငံ လုံခြုံရေးအတွက် အန္တရာယ်တစ်ခု ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly