တရုတ်နိုင်ငံ၌ သြစတြေးလျနိုင်ငံသားကို သူလျှိုမှုဖြင့် ရုံးတင်စစ်ဆေးရာတွင် သံတမန်များကို တရားရုံးထဲ အ၀င်မခံခဲ့

တရုတ်နိုင်ငံ၌ သြစတြေးလျနိုင်ငံသားကို သူလျှိုမှုဖြင့် ရုံးတင်စစ်ဆေးရာတွင် သံတမန်များကို တရားရုံးထဲ အ၀င်မခံခဲ့

သြစတြေးလျနိုင်ငံသား ဘလော့ဂါတစ်ဦးဖြစ်သည့် ယန်း ဟုန်ဂျန်ကို သူလျှိုမှုတစ်ခုနှင့်ပတ်သက်ပြီး မေလ ၂၇ ရက်တွင် တရုတ်နိုင်ငံ၌ တရားရုံး ကြားနာစစ်ဆေးခဲ့ရာတွင် တရုတ်ဆိုင်ရာ သြစတြေးလျသံအမတ်ကြီးသည် အစောင့်အကြပ် ထူထပ်စွာ ချထားသည့် ပေကျင်းတရားရုံးတစ်ခုထဲ ၀င်ရောက်ခွင့် ငြင်းဆန်ခံခဲ့ရကြောင်း သိရသည်။ တရုတ်နှင့် သြစတြေးလျအကြား ဆက်ဆံရေး ဆိုးရွားနေစဉ်ကာလအတွင်း ယခုဖြစ်စဉ် ပေါ်ပေါက်ခြင်းလည်း ဖြစ်သည်။

ယခုအမှုကိစ္စသည် နိုင်ငံတော်လျှို့၀ှက်ချက်များ ပါ၀င်ပတ်သက်နေသဖြင့် တရားရုံးကြားနာမှုတွင် လူတိုင်းကို တက်ရောက်ခွင့်ပေးသည့် ကြားနာစစ်ဆေးမှုမျိုးကို လုပ်ဆောင်၍ မရနိုင်ခဲ့ကြောင်း တရုတ်က ပြောသည်။ တရုတ်တွင် မွေးဖွားသည့် သြစတြေးလျနိုင်ငံသား ယန်းသည် လူသိများသော ဘလော့ဂါတစ်ဦးအဖြစ် တရုတ်နှင့် အမေရိကန် နိုင်ငံရေးရာအကြောင်းများနှင့်ပတ်သက်ပြီး အွန်လိုင်းတွင် ရေးသားခဲ့သည်။ ထို့ပြင် ၎င်းသည် ပြီးခဲ့သည့် နှစ်နှစ်အကြာက ဖမ်းဆီးထိန်းသိမ်းခံရမှုမတိုင်မီ စပိုင်၀တ္ထု စီးရီးတွဲတစ်ခုကို ရေးခဲ့သည်။

နှစ်နိုင်ငံ ကောင်စစ်၀န်ရုံးဆိုင်ရာ စာချုပ်တစ်ရပ်အရ ယင်းကဲ့သို့သော ကြားနာမှုများတွင် သံတမန်ဆိုင်ရာ တက်ရောက်မှုကို ခွင့်ပြုပေးထားသော်ငြား ပေကျင်း အမှတ် ၂ အလယ်အလတ်ပြည်သူ့တရားရုံးထဲ ၀င်ခွင့်မရခဲ့မှုအတွက် “အင်မတန် စိတ်မကောင်းဖြစ်” ခဲ့ရကြောင်း သြစတြေးလျသံအမတ်ကြီး ဂရေဟမ် ဖလက်ချာက ပြောခဲ့သည်။

ယန်း၏ အမှုကိစ္စတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့်ပတ်သက်၍ သြစတြေးလျဘက်က ယခင်ကာလကြာကတည်းက စိုးရိမ်ပူပန်မှုများ ရှိနေခဲ့ကြောင်း ၎င်းက တရားရုံးအပြင်ဘက်၌ သတင်းထောက်များကို ပြောသည်။ ထို့ပြင် ယခုကိစ္စသည် တစ်ဖက်သတ် အကြွင်းမဲ့ အာဏာရှင်ဆန်ဆန် ထိန်းသိမ်းမှု ဖြစ်စဥ်တစ်ခုအဖြစ် သြစတြေးလျဘက်က ကောက်ချက်ချသုံးသပ်ထားကြောင်း ၎င်းက ပြောသည်။

ယန်းအပေါ် စွဲဆိုထားသည့် အမှုကိစ္စ၏ သဘောသဘာ၀အရ တရားရုံးကြားနာစစ်ဆေးမှုတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ တက်ရောက်ခွင့်မပြုဟု တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ တရားရုံးသည် နောက်တစ်နေ့တွင် ယင်း၏ ဆုံးဖြတ်ချက်ကို ကြေညာလိမ့်မည်ဖြစ်ကြောင်း ကျောင်က ပြောခဲ့သည်။

“ဥပဒေနဲ့အညီ အမှုကိစ္စကို ကိုင်တွယ်ဖို့ တရုတ်ရဲ့ လုပ်ဆောင်နေမှုအပေါ် နှောင့်ယှက်ဖို့နဲ့ ကျွန်တော်တို့ရဲ့ တရားစီရင်ရေး အချုပ်အချာအာဏာကို စွက်ဖက်ဖို့ သြစတြေးလျရဲ့ အခြေအမြစ်မရှိတဲ့ လုပ်ဆောင်ချက်တွေကို တရုတ်ဘက်က အခိုင်အမာ ပယ်ချပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ် အာဏာပိုင်တို့သည် သြစတြေးလျသံတမန်များကို စောင့်ကြည့်သူ အနေအထားတစ်ရပ် ပေးရန် ငြင်းဆန်ခဲ့မှုအပေါ် စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောခဲ့သည်။

ယန်း ထိန်းသိမ်းခံရပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးသည် ယိုယွင်းဆိုးရွားနေခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းဖော်ထုတ်မှုတစ်ရပ် လုပ်ဆောင်ရေး သြစတြေးလျဘက်မှ တောင်းဆိုခဲ့မှု၊ နည်းပညာလုပ်ငန်းကြီး ဟွာဝေး (Huawei) ကို 5G ဆိုင်ရာ ပိတ်ပင်ခဲ့မှု တို့နှင့်ပတ်သက်ပြီး တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး သြစတြေးလျမှ ထွက်ကုန်များအပေါ် ကုန်သွယ်ရေး အရေးယူပိတ်ဆို့မှုများ တရုတ်က ချမှတ်ထားခဲ့သည်။

ယန်း၏ အမှုကိစ္စနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များမှာ လျှို့၀ှက်ထားမှုနှင့်အတူ ပိတ်ဖုံးနေခဲ့သည်။ ၎င်းအနေဖြင့် မည်သည့် အေဂျင်စီအတွက် သူလျှိုလုပ်ပေးခဲ့သည် ဆိုပြီး တရုတ်ဘက်က မည်သို့မည်ပုံ စွပ်စွဲထားသလဲဆိုသည်နှင့်ပတ်သက်၍လည်း တစုံတရာ သတင်းအချက်အလက် ထွက်ပေါ်ထားခဲ့ခြင်း မရှိပေ။ အကယ်၍ ယန်းအနေဖြင့် စီရင်ချက် ချခံရမည်ဆိုပါက အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေမှု စွဲချက်များဖြင့် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ယင်းထက်ပိုသည့် ပြစ်ဒဏ်ကို ကျခံရနိုင်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required