အိန္ဒိယ ကိုဗစ်-၁၉ ဒုတိယလှိုင်း၏ နောက်ကွယ်၌ တရုတ်ရှိနေနိုင်ဟု BJP ခေါင်းဆောင် ပြော

အိန္ဒိယ ကိုဗစ်-၁၉ ဒုတိယလှိုင်း၏ နောက်ကွယ်၌ တရုတ်ရှိနေနိုင်ဟု BJP ခေါင်းဆောင် ပြော

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းတစ်ခုက ပုံမှန်အတိုင်း ရောဂါကူးစက်ဖြစ်ပွားခြင်းတစ်ခုလား သို့မဟုတ် ယင်းတွင် တရုတ်နိုင်ငံ ပါ၀င်ပတ်သက်နေသလား ဆိုသည်နှင့်ပတ်သက်ပြီး ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိနေကြောင်း BJP ပါတီ၏ အထွေထွေအတွင်းရေးမှူး ကိုင်လက်ရှ် ဗီဂျေးဗာဂျီယာက ပြောကြားခဲ့သည်။

ပွဲအခမ်းအနားတစ်ခု၌ ဗီဂျေးဗာဂျီယာ မိန့်ခွန်းပြောကြားသည့် ဗီဒီယိုတစ်ခု မေလ ၂၅ ရက်တွင် ပျံ့နှံ့ထားခဲ့သည်။

“ကိုဗစ်-၁၉ ဒုတိယလှိုင်းတစ်ခု ဖြစ်တယ်၊ ဒါက ရောဂါကူးစက်ဖြစ်ပွားမှုတစ်ခုပဲလား ဒါမှမဟုတ် ဒါကို ပို့လိုက်တာလား၊ ဒါက ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ တကယ်လို့များ ကမ္ဘာပေါ်မှာ တရုတ်ကို နိုင်ငံတစ်ခုခုက စိန်ခေါ်ထားသလား ဆိုရင် အဲဒါဟာ အိန္ဒိယပဲ ဖြစ်ပါတယ်၊ ၀န်ကြီးချုပ် နာရင်ဒြာ မိုဒီဟာ တရုတ်ကို စိန်ခေါ်ထားခဲ့ပါတယ်” ဟု ဆိုပြီး ဗီဒီယိုထဲတွင် BJP ခေါင်းဆောင် ပြောကြားခဲ့သည်ကို ကြားခဲ့ရသည်။

“ကျွန်တော်တို့ ထင်တာကတော့ ဒါဟာ ကျွန်တော်တို့နိုင်ငံကို နှောင့်ယှက်ဒုက္ခပေးဖို့ တရုတ်ဘက်ကလုပ်တဲ့ ဗိုင်းရပ်စ် ‘war’ စစ်ပွဲတစ်ခုပါပဲ၊ ဘာလို့လဲ ဆိုတော့ ကိုဗစ်-၁၉ ဒုတိယလှိုင်းဟာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘူတန်နဲ့ အာဖဂန်နစ္စတန်လိုမျိုး အိမ်နီးချင်းနိုင်ငံတွေမှာ မဖြစ်ဘဲ အိန္ဒိယမှာပဲ ဖြစ်ခဲ့တာကြောင့်လေ” ဟု ၎င်းက ဟိန္ဒူဘာသာစကားဖြင့် ပြောကြားခဲ့သည်။

၎င်းသည် ဟိန္ဒူဘာသာဖြင့် “ထိုးနှက်မှု/တိုက်ခိုက်မှု” ဟု အဓိပ္ပါယ်ရသည့် ‘vaar’ ဟု ပြောခဲ့သလား သို့မဟုတ် ‘war’ ဟု ပြောခဲ့သလား ဆိုသည်ကို အသေအချာစိစစ်နိုင်ခြင်း မရှိပေ။

ယခုကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် BJP ခေါင်းဆောင်ထံ ဆက်သွယ်နိုင်ခဲ့ခြင်း မရှိသလို မျက်မြင်တွေ့ရှိသူတစ်ချို့၏ အဆိုအရ ၎င်းသည် မေလ ၂၄ ရက်က အောက်ဆီဂျင်ပေးစက်များ ဖြန့်ဝေပေးရန် အဖွဲ့တစ်ခုက စီစဥ်ခဲ့သည့် အခမ်းအနားတစ်ခု၌ အဆိုပါ ထုတ်ဖော်ပြောဆိုချက်များကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် ပြောချင်သည့် အကြောင်းအရာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်သင့်ကြောင်း အတိုက်အခံ ကွန်ဂရက်ပါတီက ပြောသည်။

“တရုတ်က အိန္ဒိယအပေါ် ဇီ၀လက်နက် စစ်ဆင်မှုတစ်ခု ဆင်နွှဲခဲ့တယ်လို့ ဗီဂျေးဗာဂျီယာက ပြောချင်တာလား၊ သူဟာ ဘီဂျေပီမှာ တာ၀န်ရှိတဲ့ နေရာကို ယူထားတာပါ၊ သူ့ထုတ်ပြန်ချက်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကို ရှင်းလင်းအောင် ထုတ်ဖော်သင့်ပါတယ်” ဟု ကွန်ဂရက်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နီးလက်ဘ် ရှုခလာက ပြောခဲ့သည်။

BJP ပါတီ ဦးဆောင်သော ပြည်ထောင်စုအစိုးရ၏ ပေါ့ဆမှုကြောင့် ဒုတိယလှိုင်း ဖြစ်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်ဟု သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly