လူ ၁၃ ဦးသေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီးနောက် ကိုလံဘီယာရဲ့ ကာလီမြို့မှာ စစ်တပ်ထိန်းချုပ်မှု တင်းကျပ်

လူ ၁၃ ဦးသေဆုံးခဲ့တဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီးနောက် ကိုလံဘီယာရဲ့ ကာလီမြို့မှာ စစ်တပ်ထိန်းချုပ်မှု တင်းကျပ်
Photo - AFP

မေ ၃၀

ကိုလံဘီယာနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာလီမြို့မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ပြီး လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ယခုအခါ အဆိုပါမြို့မှာ စစ်တပ်က ထိန်းချုပ်မှုကို တင်းကျပ်ထားခဲ့ပါတယ်။

ကာလီမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က အရပ်သားတွေနဲ့ ရဲတွေအကြား ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် ယခုအခါမှာ ယင်းမြို့ရဲ့ လမ်းတွေမှာ အများအားဖြင့် လူသူကင်းမဲ့နေခဲ့ပါတယ်။

ကိုလံဘီယာနိုင်ငံမှာတော့ သမ္မတ အိုင်ဗန် ဒူကွေးဦးဆောင်တဲ့ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေခဲ့တာဟာဆိုရင် ယခုအခါ ဒုတိယမြောက်လထဲ ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။

လူဦးရေ ၂ ဒသမ ၂ သန်းခန့် နေထိုင်တဲ့ ကာလီမြို့မှာတော့ အတားအဆီးတွေနဲ့ အကျိုးအပဲ့ အစုအပုံတွေဆီကနေ ထွက်နေတဲ့ မီးခိုးတွေက ယင်းမြို့ရဲ့ ဖရိုဖရဲ အခြေအနေတွေကို ပြသနေခဲ့ပါတယ်။

လက်ရှိအချိန်မှာ ယင်းနိုင်ငံတ၀န်း ဆင်းရဲနွမ်းပါးမှုနဲ့ ကပ်ရောဂါတို့ကြောင့် လူထုအကြား ဒေါသထွက်မှုနဲ့ မကျေမချမ်းဖြစ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခဲ့ပါတယ်။

နိုင်ငံမှာ လနဲ့ချီ ကြာမြင့်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၅၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီထဲမှာ ကာလီမြို့မှာ သေဆုံးခဲ့သူ ၁၃ ဦးလည်း ပါ၀င်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေအတွင်း အရပ်သား ၂,၃၀၀ ကျော်နဲ့ ယူနီဖောင်း၀တ်အမှုထမ်းတွေ ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမယ့် နိုင်ငံတ၀န်း သေဆုံးသူ ၆၃ ဦးထက်မနည်း ရှိခဲ့တယ်ဆိုတာကို ခိုင်လုံတဲ့ သတင်းတွေကို ကိုးကားပြီး Human Rights Watch က ထုတ်ဖော်ပါတယ်။ ဒါ့အပြင် ကာလီမြို့က အခြေအနေဟာ အင်မတန် ဆိုး၀ါးတယ်လို့လည်း ယင်းက ထုတ်ပြန်သွားခဲ့ပါတယ်။

ကာလီမြို့က‌ သေဆုံးမှုတွေထဲမှာတော့ အစိုးရရှေ့နေရုံးတစ်ရုံးရဲ့ တာ၀န်ချိန် မဟုတ်တဲ့ ၀န်ထမ်းတစ်ဦးက လမ်းတစ်ခုကို ပိတ်ဆို့နေတဲ့ ဆန္ဒပြသူနှစ်ဦးကို ပစ်ခတ်ခဲ့လို့ တစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ပါ၀င်ခဲ့ပါတယ်။ ယင်းနောက် လူအုပ်စုက အဆိုပါ ပစ်ခတ်သူကို ဝိုင်း၀န်း တိုက်ခိုက်ခဲ့တာကို ဆိုရှယ်မီဒီယာပေါ် ရောက်လာတဲ့ ဗီဒီယိုတစ်ခုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။

မေလ ၂၈ နောက်ပိုင်းကတည်းက ကာလီမြို့မှာ ရောက်နေခဲ့တဲ့ သမ္မတ ဒူကွေးကတော့ ၎င်းအနေနဲ့ ရဲတွေကို ကူညီဖို့ စစ်တပ်ကို စေလွှတ်ထားကြောင်း ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly