ဂျပန်အစိုးရရုံးနှင့် ရုပ်သံဌာနတို့ကို တရုတ်စစ်တပ်က သံသယဖြစ်ဖွယ် ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့

ဂျပန်အစိုးရရုံးနှင့် ရုပ်သံဌာနတို့ကို တရုတ်စစ်တပ်က သံသယဖြစ်ဖွယ် ဆိုက်ဘာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားသော ဆိုက်ဘာတိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်များထဲတွင် ဂျပန်နိုင်ငံ၏ ဂီဖုမြို့အစိုးရဌာနချုပ်နှင့် အိုဆာကာစီရင်စုရှိ ရုပ်မြင်သံကြားဌာနတစ်ခုတို့ ပါဝင်နေပြီး ယင်းတိုက်ခိုက်မှုတွင် တရုတ်စစ်တပ်က ပတ်သက်နေဖွယ်ရှိသည်ဟု ဒေသခံမီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများတွင် ဂီဖုစီရင်စုအစိုးရအပြင် အခြားဒေသဆိုင်ရာအဖွဲ့များကိုလည်း ပစ်မှတ်ထားခဲ့သည်ဟု Mainichi သတင်းစာက ဖော်ပြခဲ့သော်လည်း သတင်းပေါက်ကြားမှုကိုမျှ အတည်မပြုရသေးပေ။

“ ဆိုက်ဘာတိုက်ခိုက်မှုခံရတာကို ကျွန်တော်တို့ မသိခဲ့ပါဘူး၊ ဒါပေမယ့် ဒီနှစ် ဧပြီလမှာ ရဲတွေက စုံစမ်းစစ်ဆေးလာခဲ့ပါတယ်။ စီရင်စုအစိုးရတွေရဲ့ ဆာဗာတွေကိုစစ်ဆေးခဲ့ပေမယ့် အချက်အလက်တွေ ထုတ်ယူထားတဲ့ မှတ်တမ်းတွေမရှိဘူး” ဟု ဂီဖုစီရင်စုအစိုးရအရာရှိက ပြောသည်။

တိုကျိုမက်ထရိုပိုလစ်တန်ရဲဌာနက တရုတ်ကွန်မြူနစ်ပါတီဝင်ဖြစ်သော တရုတ်အင်ဂျင်နီယာတစ်ဦးက ဂျပန်အာကာသစူးစမ်းလေ့လာအေဂျင်စီ (JAXA) နှင့် ဂျပန်ကုမ္ပဏီများနှင့် သုတေသနအဖွဲ့အစည်း ၂၀ဝအား ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင် ပစ်မှတ်ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများတွင်ပါဝင်ခဲ့မှုကြောင့် တရားစွဲဆိုပြီးနောက်တွင် ယင်းပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တိုကျိုရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူက ဂျပန်အာကာသစူးစမ်းလေ့လာအေဂျင်စီအား ဆိုက်ဘာတိုက်ခိုက်မှုပြုရန် နိုင်ငံအတွင်းရှိ ဝက်ဘ်ဆာဗာတစ်ခုကိုမှတ်ပုံတင်သည့် ID အတုကို အသုံးပြုခဲ့ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် ယင်းတိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည်ဟု ဂျပန်အာကာသစူးစမ်းလေ့လာအေဂျင်စီက အကြံပြုခဲ့သည်။

ယင်းသို့ လုပ်ဆောင်သည်ဟုသံသယရှိသူမှာ ယခုအခါ ဂျပန်မှ ထွက်ပြေးသွားခဲ့ပြီဖြစ်သည်။

သံသယဖြစ်ဖွယ်ဆာဗာတစ်ခုကို ရဲများက ပထမဆုံးရှာဖွေတွေ့ရှိခဲ့ပြီးနောက်တွင် စောင့်ကြည့်လေ့လာခဲ့ရာ နောက်ဆုံးတွင် ဂျပန်အာကာသစူးစမ်းလေ့လာအေဂျင်စီအား တိုက်ခိုက်ခြင်းကို ခြေရာခံမိခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly