ကိုဗစ်ကူးစက်ခံထားရသည့် တရုတ်နိုင်ငံသားများကြောင့် ဘင်္ဂလားဒေ့ရှ် ဒေသခံများ အသက်အန္တရာယ်ရှိနေ

ကိုဗစ်ကူးစက်ခံထားရသည့် တရုတ်နိုင်ငံသားများကြောင့် ဘင်္ဂလားဒေ့ရှ် ဒေသခံများ အသက်အန္တရာယ်ရှိနေ

ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် တရုတ်က ကာကွယ်ဆေးများ ပို့ပေးနေသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ရှိ ဓာတ်အားပေး စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသား ၁၀၀ နီးပါးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသောကြောင့် ဒေသခံများအတွက် အသက်အန္တရာယ်ရှိနေသည်။

ခူနာမြို့ဓာတ်အားပေးစက်ရုံအတွင်း တည်ဆောက်လျှက်ရှိသော လောင်စာ နှစ်မျိုးသုံးဓာတ်အားပေးစက်တွင် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသား ၈၅ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း စောင်ရေအများအပြား ထုတ်သည့် The Daily Praitidin သတင်းစာတွင် ဖော်ပြထားသည်။

ကိုဗစ်ကူးစက်ခံထားရသည့် တရုတ်နိုင်ငံသားများသည် နေအိမ်အတွင်း သီးခြားကုသမှု ခံယူခြင်း မပြုလုပ်သလို ကျန်းမာရေး စည်းမျဉ်း စည်းကမ်းများကို လိုက်နာခြင်းမရှိသလို ဒေသခံများနှင့် ရောနှောနေကြသောကြောင့် အသက်အန္တရာယ်ရှိမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ခူနာဓာတ်အားပေး စက်ရုံတွင် တရုတ်နိုင်ငံသား ၁၈၅ ဦး အလုပ်လုပ်ပြီး အလုပ်သမား၅၀၀ ကျော် ပုံမှန်အလုပ်လာရောက် လုပ်ကိုင်လျှက်ရှိရာ ကိုဗစ်ကူးစက်ခံရသူ ရာနှင့်ချီ၍ ရှိနိုင်ကြောင်း မီဒီယာများက ရေးသားသည်။ နယ်မြေခံအရာရှိများကလည်း ယခုဖြစ်စဉ်အပေါ် စုံစမ်းလျှက်ရှိသည်။

တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်သို့ လက်ဆောင်အဖြစ် ပေးပို့ထားသည့် ကိုဗစ် ကာကွယ်ဆေး အလုံး ၅ သိန်းကို လာမည့်သီတင်းပတ်တွင် စတင်ထိုးပေးနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly