အိန္ဒိယ-တရုတ် ဆက်ဆံရေး အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေ

 အိန္ဒိယ-တရုတ် ဆက်ဆံရေး အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေ

အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များအကြား လာဒါခါကဏ္ဍနှင့် ပတ်သက်၍ မပြီးဆုံးသေးသောကြောင့် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးရှိမှသာ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်စေမည်ဟု အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

အိန္ဒိယနှင့် တရုတ်ဆက်ဆံရေးသည် အရေးကြီးသည့် အခြေအနေတွင် ရောက်နေပြီး နယ်နမိတ်ထိန်းချုပ်မျဉ်း (LAC) နှင့် ပတ်သက်၍ တင်းမာမှု ဆက်ရှိနေသရွေ့ အခြားနယ်ပယ်များတွင်လည်း တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အိန္ဒိယအစိုးရအနေဖြင့် စဉ်းစားမည်မဟုတ်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနဝန်ကြီး အက်စ်ဂျေရှန်ကာက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြားသည်။

ယမန်နှစ်က စတင်ခဲ့သည့် နယ်နမိတ်ပြဿနာကို ဘေးဖယ်ထား၍ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကဲ့သို့ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်အစိုးရ အကြီးအကဲများက ပြောကြားပြီးနောက် FT-Indian Express သတင်းဌာနနှင့် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် အက်စ်ဂျေရှန်ကာက ယင်းကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဓီ ၁၉၈၈ ခုနှစ်အတွင်း တရုတ်နို်ငငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ရရှိခဲ့သည့် နယ်စပ်ဒေသတည်ငြိမ်ရေးသဘောတူညီချက်ကို တရုတ်က လိုက်နာခြင်းမရှိကြောင်းလည်း အက်စ်ဂျေရှန်ကာက စွပ်စွဲ ပြောကြားသည်။ ယင်းသဘောတူညီချက်ကြောင့် ၁၉၉၃ ခုနှစ်နှင့် ၁၉၉၆ ခုနှစ်တွင် နယ်စပ်ဆိုင်ရာ အရေးကြီးသည့် သဘောတူညီချက်များကို ရရှိစေခဲ့ပြီး နယ်နမိတ်ထိန်းချုပ်မျဉ်း (LAC) တွင် ၁၀ စုနှစ် ၃ ခုကြာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ရရှိစေခဲ့ကြောင်း ၎င်းက ပြောသည်။

“ဆက်ဆံရေးကတော့ အရေးကြီးတဲ့ အခြေအနေကို ရောက်နေပါပြီ၊ တရုတ်ဖက်က သဘောတူညီချက်ကို ထိန်းသိမ်းမလား၊ ဆယ်စုနှစ်များစွာ လိုက်နာခဲ့တဲ့ သဘောတူညီချက်တွေအတိုင်း လိုက်နာမလားဆိုတဲ့အပေါ်မှာ မူတည်နေပါပြီ။ နယ်နမိတ်ဆိုင်ရာ တင်းမာမှုတွေဟာ အခြားနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်လို့ မရဘူးဆိုတာ ယမန်နှစ်ကတည်းက ရှင်းလင်းနေပါပြီ” ဟု ဂျေရှန်ကာက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required