တရုတ်-သြစတြေးလျ ဆက်ဆံရေးတင်းမာနေချိန်တွင် တရုတ်ကျောင်းသားများကို သြစတြေးလျတွင် ပညာသင်ယူခြင်း မပြုရန် ပြောဆိုမှုများ ရှိခဲ့

By The Singapore Post
27 May 2021
တရုတ်-သြစတြေးလျ ဆက်ဆံရေးတင်းမာနေချိန်တွင် တရုတ်ကျောင်းသားများကို သြစတြေးလျတွင် ပညာသင်ယူခြင်း မပြုရန် ပြောဆိုမှုများ ရှိခဲ့

ပေကျင်းနှင့် ကင်ဘာရာအကြား ဆက်ဆံရေးဆိုးရွားနေစဉ်အတွင်း သြစတြေးလျတက္ကသိုလ်များ၌ ၀င်ခွင့်ရရှိရန် ဆန္ဒရှိနေခဲ့ကြသည့် တရုတ် ကျောင်းသား၊ကျောင်းသူများ၏ ဆုံးဖြတ်ချက်အပေါ် တရုတ် အေးဂျင့်တစ်ချို့က လွှမ်းမိုးခြယ်လှယ်မှုများ လုပ်ထားခဲ့သည်ကို စစ်တမ်းတစ်ရပ်က လေ့လာတွေ့ရှိသည်။

ကျောင်းသား၊ ကျောင်းသူများကို သြစတြေးလျနှင့် ဝေးဝေးတွင်သာ ရှိနေစေရေး ညွှန်ကြားပြောဆိုရေးအတွက် အဓိကမြို့ကြီးများပြင်ပရှိ အေးဂျင့်များကို တရုတ်အစိုးရက လမ်းညွှန်ခဲ့သည်ဆိုပြီး ဖေဖေါ်၀ါရီလက ပုံပြင်ဆန်သော အကိုးအကား ပြောဆိုချက်များ ထွက်‌ပေါ်ခဲ့ပြီးနောက် ယခုအစီရင်ခံစာ ထပ်မံထွက်ပေါ်ခဲ့ကြောင်း Australian Financial Review (AFR) က ဖော်ပြသည်။

ကမ္ဘာလုံးဆိုင်ရာ ပညာရေး ပံ့ပိုးဖြည့်ဆည်းမှုကုမ္ပဏီ Navitas သည် မတ်လအတွင်းက နိုင်ငံ ၇၃ နိုင်ငံတွင် အေးဂျင့် ၉၀၀ ခန့်ကို စစ်တမ်း‌ကောက်ယူမှုတစ်ရပ် လုပ်ဆောင်ခဲ့သည်။

သြစတြေးလျ စီးပွားရေးအတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တန်ဖိုးရှိသည့် တရုတ်စျေးကွက်သည် အခြားနိုင်ငံများသို့ ဆက်လက် လမ်းကြောင်းပြောင်းနေခဲ့မည်ဆိုပါလျင် ဆုံးရှုံးသွားသော ၀င်ငွေကို အရှေ့တောင်အာရှနှင့် ဥရောပတို့ရှိ နိုင်ငံများထံမှ ပြန်လည်အစားထိုးဖြည့်ဆည်းရန် လွယ်ကူလိမ့်မည် မဟုတ်ကြောင်း Navitas မှ မဟာဗျူဟာဆိုင်ရာ လေ့လာစောင့်ကြည့်မှုနှင့် စိစစ်လေ့လာမှု အကြီးအကဲ ဂျိုနသန် ချူးက ပြောသည်။

“၂၀၂၂ ပထမနှစ်၀က်မှာ ကျောင်းသား၊ ကျောင်းသူတွေ သြစတြေးလျကို ခရီးသွားလာနိုင်လိမ့်မယ်ဆိုပြီး တရုတ်နိုင်ငံက အေးဂျင့် ၂၀ ရာခိုင်နှုန်းလောက်ကပဲ ယုံကြည်နေပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ကိုဗစ်-၁၉ ကလည်း ကျောင်းသားများ၏ ဆုံးဖြတ်ချက်ချမှတ်မှုပိုင်းအပေါ် ကြီးလေးသည့် သက်ရောက်မှုတစ်ခု ရှိစေခဲ့သည်ကိုလည်း အစီရင်ခံစာတွင် တွေ့ရှိခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများသည် ပြည်ပသို့ ထွက်ခွာနိုင်ခြင်း မရှိသေးခင် ၎င်းတို့ မည်သည့်နိုင်ငံတွင် သွားရောက်ပညာသင်ယူမည်လဲဆိုသည့်အပေါ် နှစ်ဖက်ခွ စဉ်းစားနေကြသလို အွန်လိုင်းကနေတဆင့် စာရင်းသွင်းအပ်နှံနိုင်မလားဆိုသည်ကို ချင့်ချိန်စဉ်းစားနေကြကြောင်း AFR က ဖော်ပြသည်။

အလားတူ တရုတ်အစိုးရအနေဖြင့်လည်း သြစတြေးလျတက္ကသိုလ်များတွင် ပညာသင်ယူခြင်းအပေါ် ဟန့်တားခြင်းကို ပိုမိုတင်းတင်းမာမာ လုပ်ဆောင်နိုင်ကြောင်း နိုင်ငံတကာ ပညာရေး အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဒါ့ခ် မူလ်ဒါက ပြောသည်။

“ကပ်ရောဂါ မတိုင်ခင်တုန်းက အွန်လိုင်းဘွဲ့ဒီဂရီတွေကို တရုတ်မှာ အသိအမှတ်မပြုထားခဲ့ပါဘူး၊ အကယ်၍ ပေကျင်းဘက်က အွန်လိုင်းဒီဂရီ အသိအမှတ်ပြုမှုကို ရပ်တန့်ပြီး နယ်စပ်တွေ ဆက်ပိတ်ထားမယ်ဆိုရင် ကျွန်တော်တို့ကတော့ မလွယ်ရေးချမလွယ်ဆိုသလို ဖြစ်နေမှာပါ” ဟုလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်လက သြစတြေးလျ နိုင်ငံခြားရေး၀န်ကြီး မာရိုက်စ် ပေးက ဓနသဟာယနိုင်ငံများ၏ နိုင်ငံခြားဗီတိုဥပဒေသစ်များအောက်တွင် BRI သဘောတူညီချက်ကို ဖျက်သိမ်းကြောင်း ပြောခဲ့သည်။ ထိုသို့ ဖျက်သိမ်းခြင်းက စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်လုပ်မှု၊ ဇီ၀နည်းပညာနှင့် စိုက်ပျိုးရေး နယ်ပယ်ကဏ္ဍများတွင် အနာဂတ်ကာလ တရုတ်-သြစတြေးလျ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်မည့် အဓိပ္ပါယ်လည်း သက်ရောက်နိုင်သည်။

ထို့နောက် တရုတ်သည်လည်း သြစတြေးလျနှင့်အကြား မဟာဗျူဟာကျ စီးပွားရေးအပြန်အလှန်ဆွေး‌နွေးမှုအောက်ရှိ ယင်း၏ လုပ်ဆောင်မှုအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ယင်းသည် နှစ်နိုင်ငံအကြား တင်းမာနေသော သံတမန်ဆက်ဆံရေးကို ပိုမိုဆိုး၀ါးနိုင်စေဖွယ်ရှိသည့် လုပ်ဆောင်ချက်တစ်ခုလည်း ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏ မူလဇာစ်မြစ်များနှင့်ပတ်သက်ပြီး လွတ်လပ်သည့် နိုင်ငံတကာစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရေး ကင်ဘာရာဘက်မှ အဆိုပြုမှုကြောင့် တရုတ်တို့ အမျက်ဒေါသထွက်ခဲ့ရသည့် ယမန်နှစ် ဧပြီလနောက်ပိုင်းကတည်းက တရုတ်-သြစတြေးလျ ဆက်ဆံရေးသည် ဆက်တိုက်ဆိုသလို ကျဆင်းနေခဲ့သည်။

တရုတ်သည် သြစတြေးလျ၏ ထုတ်ကုန်အမျိုးမျိုးအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ချမှတ်ခဲ့ရာ ကင်ဘာရာသည် ပေကျင်းနှင့်အကြား ဖြစ်ပွားဆဲ ကုန်သွယ်ရေးစစ်တစ်ခုအတွင်း ကျရောက်ထားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required