နိုင်ဂျီးရီးယား စက်လှေနစ်မြုပ်မှု လူ ၁၅၀ ကျော် ရေနစ်သေဆုံးဖွယ် ရှိ

နိုင်ဂျီးရီးယား စက်လှေနစ်မြုပ်မှု လူ ၁၅၀ ကျော် ရေနစ်သေဆုံးဖွယ် ရှိ
Photo - AFP

မေ ၂၇

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ မေလ ၂၆ ရက်က စက်လှေ နစ်မြုပ်မှုကြောင့် လူ ၁၅၀ ကျော် ပျောက်ဆုံးနေပြီး ရေနစ်သေဆုံးဖွယ် ရှိနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ မတန်မဆ ၀န်တင်ထားတဲ့ စက်လှေတစ်စင်းဟာ ခရီးသည်တွေကို စျေးတစ်ခုထံ ပို့ဆောင်ဖို့ နိုင်ဂျာမြစ်ထဲမှာ မောင်းနှင်လာစဉ်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

စက်လှေဟာ နိုင်ဂျာပြည်နယ် အလယ်ပိုင်းနဲ့ ကက်ဘီပြည်နယ် အနောက်မြောက်ပိုင်း ၀ါရာမြို့အကြား ခုတ်မောင်းသွားလာနေခဲ့စဉ်နစ်မြုပ်ခဲ့တာ ဖြစ်ကြောင်း အမျိုးသားကုန်းတွင်းရေကြောင်းအာဏာပိုင်အဖွဲ့မှ မန်နေဂျာ ယူဆက်ဖ် ဘာမာက သတင်းထောက်တွေကို ပြောပါတယ်။

“စက်လှေရဲ့ ၀န်တင်နိုင်တဲ့ပမာဏက ခရီးသည် ၁၈၀ ယောက်အထိ တင်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး” လို့ ဘာမာက ပြောပါတယ်။

“ပြောရရင်တော့ ခုချိန်ထိ လူအယောက် ၂၀ ကိုပဲ အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ပါသေးတယ်၊ လူ လေးဦးကတော့ သေဆုံးတယ်လို့ အတည်ပြုထားပါတယ်၊ ကျန်တဲ့ လူပေါင်း ၁၅၆ ဦးကတော့ ခုချိန်ထိ ပျောက်ဆုံးနေဆဲပါ၊ သူတို့ ခုလောက်ဆို ရေနစ်သွားပြီလို့ ယုံကြည်ရပါတယ်” လို့ ၎င်းက ပြောပါတယ်။

မေလ ၂၆ ရက် မနက်ခင်းမှာဖြစ်တဲ့ ဒီဖြစ်ရပ်ဆိုးမှာ လူ ၁၄၀ လောက် ပျောက်နေတယ်လို့ အခြား အရာရှိတစ်ဦးကလည်း အစောပိုင်းမှာ ပြောခဲ့ပါတယ်။

“ဒီဖြစ်စဉ်မှာ ပါ၀င်ပတ်သက်တဲ့ စက်လှေက သစ်သားစက်လှေတစ်စင်းဖြစ်ပါတယ်၊ သက်တမ်းအားဖြင့်လည်း ကြာနေပြီဖြစ်သလို ကြံ့ခိုင်မှုပိုင်းလည်း အားနည်းနေပါပြီ၊ ဒါပေမယ့် သူတို့စက်လှေတွေမှာ တင်နေတဲ့ ခရီးသည်အရေအတွက် လျှော့တင်ဖို့ ကျွန်တော်တို့ဘက်က သူတို့ကို ပြောခဲ့မယ်ဆိုရင်လည်း သူတို့ နားထောင်မှာ မဟုတ်ပါဘူး” လို့လည်း ဘာမာက ပြောခဲ့ပါတယ်။

စက်လှေတွေအနေနဲ့ မတန်မဆ ၀န်တင်ပြီး သွားလာတာ၊ ရာသီဥတု ဆိုးရွားတတ်တာ နဲ့ ရေယာဉ်ကြံ့ခိုင်မှုပိုင်း ထိန်းသိမ်းမှု အားနည်းတာ စတဲ့အချက်တွေ ရှိနေတာနဲ့အတူ နိုင်ဂျီးရီးယားရဲ့ ရေကြောင်းသွားလာမှုပိုင်းမှာ ခုလိုမျိုး လှေမတော်တဆမှုတွေဟာ ဖြစ်နေကျ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုတစ်ကြိမ် မတော်တဆမှုကတော့ ယခုနောက်ပိုင်းနှစ်တွေအတွင်း လူအသေအပျောက် အများဆုံး မတော်တဆမှု ဖြစ်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly