အီရတ်မှာ တက်ကြွလှုပ်ရှားသူတွေ သတ်ဖြတ်ခံနေရတာအတွက် ဆန္ဒပြရာမှာ ထိပ်တိုက်တွေ့မှုဖြစ်ပြီး လူ ၁ ဦး သေဆုံး 

အီရတ်မှာ တက်ကြွလှုပ်ရှားသူတွေ သတ်ဖြတ်ခံနေရတာအတွက် ဆန္ဒပြရာမှာ ထိပ်တိုက်တွေ့မှုဖြစ်ပြီး လူ ၁ ဦး သေဆုံး 
Photo - AFP

‌မေ ၂၆

အီရတ်နိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေကို အသက်အန္တရာယ် ပေးတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ အင်္ဂါနေ့က မြို့တော် ဘဂ္ဂဒက်မှာ တရားမျှတမှု ရရှိရေး တောင်းဆိုရင်း လူထောင်ပေါင်းများစွာ ဆန္ဒပြကြရာမှာ ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပြီး ဆန္ဒပြသူတစ်ဦး သေဆုံးကာ တစ်ဒါဇင်ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ 

ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဓာတ်ငွေ့နဲ့ လူစုခွဲရာမှာ ဆန္ဒပြသူ ၁၃ ဦး ထိခိုက်ဒဏ်ရာရပြီး ဆန္ဒပြသူတွေဖက်က ရရာပစ္စည်းတွေနဲ့ ပစ်ပေါက်လို့ ရဲ ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ကျန်းမာရေးဌာနနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

တောင်ပိုင်း ဒီဝါနီယာမြို့က မိုဟာမတ်ဘာကာဟာ လည်ပင်း သေနတ်ထိမှန်ဒဏ်ရာနဲ့ အယ်ကင်ဒီဆေးရုံမှာ သေဆုံးကြောင်း ကျန်းမာရေးသတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။ 

အမည်မသိ လုပ်ကြံသူတွေရဲ့ အသံတိတ်ပြောင်းဝမှာ အသက်ပေးသွားခဲ့ရသူတွေရဲ့ ပိုစတာတွေကို ဝှေ့ယမ်းကိုင်ဆောင်ရင်း ဆန္ဒပြသူတွေဟာ ရဲအင်အား အလုံးအရင်း တပ်ချထားတဲ့ကြားကပဲ မြို့တော်ရဲ့ အဓိကရင်ပြင်တွေဆီ စုရုံးလာကြတာ ဖြစ်ပါတယ်။ 

“ပါတီအဖွဲ့အစည်းတွေကို ဆန့်ကျင်တော်လှန်ရေး” ဆိုပြီး ကြွေးကြော်ကြသလို “ကျွန်တော်ကို သတ်တာ ဘယ်သူလဲ”ဆိုတဲ့ စာတမ်းတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။ 

၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်စစ်ကြောင့် အာဏာရှင် ဆက်ဒမ်ဟူစိန် ပြုတ်ကျခဲ့ပြီးနောက်ပိုင်း အီရတ်မှာ နိုင်ငံရေးပါတီတွေဟာ အသက်အိုးအိမ်စည်းစိမ်တွေကို လွှမ်းမိုးချုပ်ကိုင်လာခဲ့ပြီး အကျင့်ပျက်ခြစားမှုဟာလည်း ဆိုးဆိုးဝါးဝါး အမြစ်တွယ်နေပါတယ်။ 

သတ်ဖြတ်မှုတွေ ဖြစ်ပွားပေါ်ပေါက်နေရာ ကာဘာလာ၊ နာဂျက်ဖ်နဲ့ နက်စ်ဆီရီယာ တောင်ပိုင်းမြို့တွေကနေ လူအများစုဟာ ပြောင်းရွှေ့နေကြရပါတယ်။  

ရှီယိုက်မွတ်စလင်တွေရဲ့ အထွဋ်အမြတ် ကာဘာလာမြို့မှာ အစိုးရဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူ ဂျဟတ်အယ်ဝါဇနီ မေ ၉ ရက်မှာ သတ်ဖြတ်ခံရပါတယ်။ ဒီမတိုင်ခင် တစ်ရက်က နာမည်ကြီးဂျာနယ်လစ် အာမတ်ဟတ်ဆန်ဟာ အီရတ်တောင်ပိုင်းမှာ ပစ်ခတ်ခံရတာကြောင့် ဦးနှောင်းခွဲစိတ်ခဲ့ရပြီး ကိုမာဝေဒနာနဲ့ ဆေးရုံပေါ်မှာ ရှိနေပါတယ်။ 

အစိုးရရဲ့ အကျင့်ပျက်ခြစားမှုနဲ့ အရည်အချင်း မပြည့်မီမှုအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှု ၂၀၁၉ ခုနှစ်မှာ ပေါ်ပေါက်ခဲ့ချိန်ကစလို့ တက်ကြွလှုပ်ရှားသူ ၇၀ ကျော်ထက်မနည်းဟာ သတ်ဖြတ်ခံရတာ၊ သတ်ဖြတ်ရန် ကြံစည်ခံရတာနဲ့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရတာတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly