ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေမှုကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေ ကြိုးပမ်း

ဗီယက်နမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်နေမှုကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေ ကြိုးပမ်း
Photo - AFP

မေ ၂၆

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ မကြားသေးခင်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်ခဲ့တဲ့နောက် ယခုအခါ အာဏာပိုင်တွေဟာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်လျက် ရှိပါတယ်။

ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဟန့်တားနိုင်ဖို့အတွက် ဟနွိုင်းမြို့က အာဏာပိုင်တွေဟာ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်မှု ၀န်ဆောင်မှုတွေ ပိတ်ထားဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။

ဒါ့အပြင် ဆံသဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေမှာလည်း ဆိုင်တွင်း၀န်ဆောင်မှုတွေ ကမ်းလှမ်းပေးနေတာကို ပိတ်ထားဖို့ကိုလည်း အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ဧပြီ ၂၇ ရက်နောက်ပိုင်း ပြည်သူလူထုအကြား ကူးစက်မှုအရေအတွက် ၂,၅၀၀ ကျော်အထိ ရှိခဲ့ပြီး မြို့တော်မှာ ကူးစက်ခံရသူဦးရေဟာ ၂၂၀ အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဟနွိုင်းဥက္ကဋ္ဌ ချူငေါ့အန်းက မေလ ၂၄ ရက်မှာ ထုတ်ပြန်တဲ့ ထုတ်ပြန်လွှာတစ်စောင်အရ အစားအသောက်နဲ့ အဖျော်ယမကာ ဆိုင်တွေအနေနဲ့ ဆိုင်ထိုင်စားသောက်မှုတွေကို ပိတ်ထားရမှာဖြစ်ကြောင်း၊  ဒေသခံပြည်သူတွေအနေနဲ့လည်း ပန်းခြံတွေ၊ ဥယျာဥ်တွေ၊ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ လူအများအပြား စုဝေးတာတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို ရပ်ဆိုင်းထားရလိမ့်မယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် မေလ ၂၅ ရက်ကစလို့ အခြားနယ်မြေ၊ ဒေသတွေကနေ ဟနွိုင်းမြို့ဆီ ပြန်လာသူတွေအနေနဲ့ ၂၄ နာရီအတွင်း ဆေးစစ်ချက်မှတ်တမ်းတွေ တင်သွင်းဖို့ လိုတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly