အတက်မှာ အခြေမလွတ်ဖို့ လိုသလို အဆင်း အတွက်လည်း ပြင်ဆင်ရဦးမယ်လို့ ဦးရဲထွဋ်ဆို

အတက်မှာ အခြေမလွတ်ဖို့ လိုသလို အဆင်း အတွက်လည်း ပြင်ဆင်ရဦးမယ်လို့ ဦးရဲထွဋ်ဆို

ဤဆောင်းပါးသည် လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖေါ်ပြထားသည့် မူရင်းခေါင်းစဉ် “အနိမ့်အမြင့်၊ အတက်အကျ” ဟုသည့် ဆောင်းပါးကို ပြန်လည် ဖေါ်ပြခြင်းဖြစ်သည်။

 

ရွေးကောက်ပွဲ အပြီး အစိုးရသစ်ကို တာဝန်လွှဲရန်ပြင်ဆင်နေချိန်တွင် ကျွန်တော့်ကို ဘာ ဆက်လုပ်မလဲ သိချင်သူ၊ လုပ်ဆောင်ချက်များအပေါ် အားပေးသူတွေ ရှိသလို ပြုတ်တော့မယ်၊ ဘယ်လိုလဲလို့ ခနဲ့တဲ့တဲ့ မေးသူတွေလည်း ရှိသည်။ တကယ်တော့ ဒုဝန်ကြီးဘ၀ ၂၀၁၃ ခုနှစ် အတွင်းကပင် ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး အနိမ့်အမြင့် အတက်အကျ ဆိုသည့် အက်ဆေးတစ်ပုဒ် ရေးတင်ခဲ့ဖူးသည်။

မဖတ်ရသေးသော မိတ်ဆွေများအတွက် အက်ဆေးလေးကို ပြန်တင်ပေးလိုက်ပါတယ်။ ဒီစာဖတ်ပြီးရင် အားပေးသူ၊ အသိအမှတ်ပြုသူ၊ ခနဲ့ချင်သူအားလုံး ရာထူးတာဝန်နှင့်ပတ်သက်ပြီး ကျွန်တော် ဘယ်လိုခံယူသည်ကို မှန်းဆနိုင်မည်ဟု ထင်ပါသည်။ 

အနိမ့်အမြင့်၊ အတက်အကျ

ဒီနှစ် သြင်္ကန်ရုံးပိတ်ရက်များအတွင်း ပုပ္ပါးကို မိသားစုနဲ့ ခရီးထွက်ခဲ့သည်။ တောင်ကလပ် ပေါ်တက်တော့ ကားရပ် တဲ့ နေရာက စပြီး တောင်ကလပ်ထိပ်အထိ အတက်ခရီးတစ်လျှောက် ကြိုဆိုသူတွေ အပြည့်။ ဘုရားတွေ၊ နန်းတွေက အလှူခံများ၊ ဝင်ဖူးလိုက်ပါဦးဆိုသည့် ရွှေကြိုများ၊ လူစာ၊ မျောက်စာ ရောင်းသူတွေ၊ တံမြက်စည်းတစ်ချောင်း၊ ရေပုံးတစ်လုံး ချထားပြီး လှေခါးထစ်များ သန့်ရှင်းရေး လုပ်နေလို့ စေတနာအလျှောက်ကူခဲ့ပါဦး ဆိုသူတွေ၊ ဖိနပ်လေးတွေ အပ်ထားခဲ့ဖို့ ဖိတ်ခေါ်သူတွေ။ လှုသင့်တာလူလိုက်၊ ခေါင်းခါပြသင့်သူကို ခေါင်းခါလိုက်၊ မမြင်ချင်ယောင် ဆောင်သင့်သူကို မျက်နှာလွှဲလိုက်နှင့် တောင်ကလပ်ထိပ် ရောက်သွားခဲ့ရသည်။

ဟော၊ အဆင်းကျတော့၊ အေးအေးလူလူ။ အတင်းခေါ်မယ့်သူ၊ ရောင်းမယ့်မရှိ။ ဝင်ဖူးလိုက်ပါဦး ဆိုပြီး ဆွဲမတတ် ကြိုသူ တွေလည်းမရှိ။ ဖိနပ်အပ်ခဲ့တဲ့ နေရာရောက်တော့ အလာတုံးက ပေးပေး ဒီနားထားလိုက်မယ်ဆိုပေမယ့် အပြန်ကျတော့ ကိုယ့်ဖိနပ်ကိုယ် မနည်းပြန်ရှာခဲ့ရသည်။ ကားပေါ်ရောက်တော့ သမီးကြီးက အစတုံးက သူတို့ပဲ ထားပါ၊ ထားပါ ဆိုပြီး အခုတော့ အစချီကာ ရင်ဖွင့်သည်။ ကျွန်တော်ကတော့ အတက်နဲ့ အဆင်း ဘယ်တူပါ့မလဲ၊ အပြန်ကျတော့ အဖေတို့က အဆင်းလေ ဟုသာ ရိုးရိုးလေး ရှင်းပြခဲ့သည်။ ဒီသဘောတရားကို ကျောင်းဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးသမား ဆရာကြီး ဦးကြည်မြက ကဗျာ ဖွဲ့ပြ ခဲ့ဘူးသည်။

တော်လှန်ရေး ကောင်စီအကြံပေးအဖွဲ့၊ ပြည်သူ့တရားသူကြီးအဖွဲ့လို အာဏာပိုင် အဖွဲ့အစည်း များမှာ နှစ်အတော်ကြာ ထမ်းဆောင်ပြီး အနားယူခဲ့သည့်အခါ ကြုံတွေ့ရသည့် ဘဝကို ရွှေတိဂုံဘုရား စောင်းတန်းက အဖြစ်အပျက်လေးနဲ့ ထင်ဟပ်ပြခဲ့သည်။

ကဗျာအမည်က အတက်နဲ့ အဆင်း

ဘုရားပေါ်အတက် ပန်းဆိုင်က ပျူငှာဖော်ရွေစွာနဲ့ ကြိုဆိုပုံ၊ အဲဒီဆိုင်မှာပဲ ထီးနဲ့ ဖိနပ်အပ်ခဲ့ပုံ၊ အပြန်ကျတော့ ဆိုင်ရှင် အမျိုးသမီးငယ်က အဖက်တောင် မလုပ်တော့ပုံများကို ဖွဲ့ဆိုထားခဲ့သည်။ အဲဒီကဗျာမှာ အဆင်းခရီးအတွေ့အကြုံကို ဆရာကြီးက အခုလို ဖွဲ့ဆိုခဲ့သည်-

ပန်းက လှတယ်
ထွန်းပါ ညိပါ
ဖယောင်းတိုင်ရတယ်
မွှေးပါ့ ကြိုင်ပါ့
ပူဇော်ရတယ်
ခေါ်ကြ ငင်ကြကြိုဆိုကြ၏။

ဒါပေမယ့် ငါတော့ မဟုတ်ပါဘူး
ထိပ်သို့တက်သူ
ထိုထိုသူသာ
သူ ငါ ကြိုဆိုရခြင်းတကား။

ထီးနဲ့ ဖိနပ် အပ်ခဲ့ဆိုင်နောက် 
ငါဝင်ရောက်လဲ
အင်း အဲ မလှုပ်
ကျောက်ရုပ်ဆိုင်ရှင်မလေး
သူတွေး မျှော်မှန်း
တက်သည့်လမ်းက 
လူများကို။

ငါ့ထီး ငါဆွဲ
ဖိနပ်လဲယူ
တူရူအောက်ဆီဆင်းခဲ့၏။

 

နိမ့်ခြင်း၊ မြင့်ခြင်း၊ တက်ခြင်း၊ ကျခြင်းများကား မည်သူမဆို ကြုံတွေ့ရမည့် လောကဓံတရား များသာဖြစ်၏။ တကယ်တော့ တက်သည်ဖြစ်စေ၊ ဆင်းသည်ဖြစ်စေ စိတ္တသတ္တိ ခိုင်မာဖို့တော့ လိုသည်သာ။ အဲဒီလိုမခိုင်မာဘူးဆိုရင်တော့ တက်ချိန်မှာ မလွဲမသွေ တွေ့ရမည့် ဆွဲဆောင်မှုများ၏ ဒဏ်ကို ခံနိုင်မည်မဟုတ်။ ဒါ့ကြောင့်လည်း စစ်ရေးနိုင်ငံရေးခေါင်းဆောင်ကြီး တစ်ဦးက ငါတို့လူတွေဟာ ဆင်းရဲတဲ့ဒဏ်ခံနိုင်ပေမယ့် ချမ်းသာတဲ့ဒဏ်မခံနိုင်ဘူး ဟု ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် သူကိုယ်တိုင်ပင်လျှင် အမြင့်မှာ ကြာလာတော့ လူတွေနဲ့ ကင်းကွာသွားခဲ့သည်။

အတက်မှာ သတိကောင်းဖို့လိုသလို အဆင်းမှာ ခြေမြဲ၊လက်မြဲ သတိကောင်းဖို့လိုသေးသည်။ အကြောင်းတစ်စုံတစ်ရာ ကြောင့် ပြိုလဲခဲ့ချိန်မှာ မှန်ကန်သော ဆောက်တည်ခြင်း ပြုနိုင်သောကြောင့် ပြိုလဲသွားခဲ့ရသည့် အပေါင်းအသင်းတွေ၊ ဆရာသမားတွေကို တွေ့ခဲ့ဖူးသည်။ ဒီလို အကြိမ်ကြိမ်ပြိုလဲခဲ့သည့်ကြားက ပြန်လည်ထူမတ်ခဲ့သော သူများလည်းရှိသည်။ ကျွန်တော့် မှာ အဲဒီလို ဆရာသမားများနှင့် ကြုံခဲ့ရပြီး သူတို့ထံက ခိုင်မာသည့် စိတ္တသတ္တိတွေ အများကြီးရခဲ့သည်။

ဆရာသမားတစ်ဦးက ကွပ်ကဲမှုဌာနချုပ်တစ်ခုမှာ ဒုတိယ အဆင့်အမြင့်ဆုံး အရာရှိကြီး။ သူကွပ်ကဲရသည့် တိုက်ပွဲကြီး တစ်ခု မှာ တပ်ဖွဲ့တစ်ခု အထိနာခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး ရာထူး တူသော်လည်း လုပ်ပိုင်ခွင့်နိမ့်ကျသည့် ကွပ်ကဲမှုဌာနချုပ် တစ်ခု၏ ဒုတိယ အဆင့်အမြင့်ဆုံး အရာရှိအဖြစ် ပြောင်းလဲတာဝန်ပေးခံရသည်။ တနည်းအားဖြင့် အပြစ်ပေးခံရသည့် သဘောပင်။

ဆရာသမားသည် အဲဒီအခြေအနေမှာ စိတ်ဓာတ်မကျ၊ ဆက်ကြိုးစားသည်။ ဒါပေမယ့် နောက်ထပ် အဲဒီလို ဒုတိယနေရာ ( Second in Command ) အဖြစ်နဲ့ ကွပ်ကဲမှုဌာနချုပ် နှစ်နေရာကို ထပ်ပြောင်းရသည်။ အထက်အကြီး အကဲများက သူ့ကို ဆက်ပြီး စောင့်ကြည့်နေသည့်သဘော။ နောက်ဆုံးတော့ ကျွန်တော်တို့ တပ်ရင်းကို ကွပ်ကဲရသည့် ဌာနချုပ်မှူးဖြစ်လာသည်။

အဲဒီအချိန် ၁၉၈၀လွန်နှစ်များအစပိုင်းက ကျွန်တော်တို့တပ်ရင်းတွေနဲ့ တစ်ဘက်လက်နက် ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲတွေပြင်းထန်နေသည့်အချိန်။ နယ်မြေကျွမ်းကျင်ပြီး ပြောက်ကျားစစ်ကို အဓိကထားသည့် တစ်ဘက်အဖွဲ့အစည်းက အခြေအနေဖန်တီးနိုင်ခွင့်ကို ရထားသည့်အချိန်။ဆရာသမားက အကွပ်အညပ်ပြင်းထန်သည်။ အပင်ပန်းခံသည်။ အောက်ခြေက အခြေအနေကို သိအောင်လုပ် သည်။ ဆုပေးဒဏ်ပေးစနစ်ကို ပြင်းပြင်းထန်ထန် ကျင့်သုံးသည်။ လူတွေကို အောင်စိတ်သွင်းပေးသည်။

အစပိုင်းကာလများမှာ အတော်ပင်ပန်းခဲ့သော်လည်း အချိန် ကြာလာသည်နှင့်အမျှ အခြေအနေ ဖန်တီးနိုင်ခွင့်က ကျွန်တော်တို့ ဘက်ကို ရောက် လာသည်။ တစ်ဘက်အဖွဲ့အစည်းရဲ့ အခိုင်အမာ နယ်မြေတွေပျောက်ကွယ်သွားပြီး နယ်စပ်တစ်ဝိုက်မှာသာ နေထိုင်ရသည့် အခြေအနေသို့ ရောက်သွားခဲ့သည်။

ကျွန်တော်တို့တစ်တွေကို စကားပြောသည့်အခါတိုင်း သူ့အတွေ့အကြုံကို ပြောပြသည်။ အဆိုးဆုံး အခြေအနေမှာပင်လျှင် အောင်စိတ်ကို ထိန်းသိမ်းမွေးမြူထားဖို့၊ ဘယ်နေရာ၊ ဘယ်တာဝန်ပေးပေး အကောင်းဆုံးဖြစ်အောင် လုပ်ဖို့တိုက်တွန်းသည်။ သူက ငါ့ကတော့ ငါ့ကို တံမျက်စည်းလှည်းဖို့ တာဝန်ပေးလည်း ငါ တာဝန်ကျတဲ့နေရာမှာ အပြောင်ဆုံး၊ အသန့်ရှင်းဆုံးဖြစ်အောင် လုပ်မှာပဲ ဟု အမြဲပြောလေ့ရှိသည်။ နောင်တော့ ရာထူး အဆင့်ဆင့်တက်သွားခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ထိ တာဝန်ယူသွားခဲ့ရသည်။ နယ်ဘက်တာဝန်တွေလည်း ပူးတွဲ ထမ်းဆောင်သွားခဲ့သည်။

နောက်ဆရာသမားတစ်ဦးကတော့ အတက်အကျတွေ အများကြီးကြုံခဲ့သူဖြစ်သည်။ တပ်ရင်းမှူး ဘဝမှာ စစ်ဦးစီးမှူး ( ပထမတန်း) ဂျီဝမ်းအဖြစ် ရာထူးတိုးသည်။ အဲဒီအချိန်က တပ်ရင်းက ရှေ့တန်းမှာ၊ နောက်တန်းကို ပြန်နားရန် သိတ်မလိုတော့သည့်အချိန်။ ဒီတော့ တပ်ရင်းနဲ့ အတူ ပြန်ပြီးမှ တာဝန်ကျသည့်နေရာသို့ ပြောင်းရန် ပြင်ဆင်သည်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ ရန်သူက အလစ်အငိုက် အတိုက်ခံရပြီး ထိခိုက်မှုများခဲ့ရသည်။ ရာထူးနေရာအသစ်မှာ ခဏပဲ နေလိုက်ရသည်၊ အဲဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တာဝန်ရှိသည်ဟုဆိုကာ ရာထူးပြန်ချပြီး အခြား တပ်ရင်းတစ်ခုမှာ တပ်ရင်းမှူး ပြန်လုပ်ရသည်။

တော်ရုံ လူဆိုရင် စိတ်ပျက်လမ်းဆုံး သွားမည့်အဖြစ်မျိုး။ ဒါပေမယ့် ဆရာသမားက အဲဒီတပ်ရင်းကို ဦးဆောင်ပြီး ရန်သူနယ်မြေအတွင်းထိ ထိုးဖောက်က အောင်ပွဲယူပြခဲ့သည်။ ဒီတော့ ဂျီဝမ်းပြန်ဖြစ်သည်။ နောက်အဲဒီကနေ ရာထူးအဆင့်ဆင့်တက်ပြီး ကျွန်တော်တို့ ကွပ်ကဲမှု ဌာနချုပ်ကို ရောက်လာခဲ့သည်။ အဲဒီအချိန် ကျွန်တော်က စစ်ဦးစီး အရာရှိဘဝ။ သူကတော့ စစ်ဆင်ရေး ကိစ္စများသာမက ကျွန်တော်တို့ လက်လှမ်းဝေးသည့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စများပါ အသေးစိတ် သင်ကြားပေးသည်။

နောက်ပြီး တပ်မတော်သမိုင်း၊ တပ်မတော်ခေါင်းဆောင်များ၏ ကိုယ်ရေးသမိုင်း အတုယူစရာတွေ၊ ပါသလို သင်ခန်းစာယူရမည့် အချက်တွေလည်း ပြောပြခဲ့သည်။ နောင်တွင် ရာထူးတက်ပြီး ပိုအဆင့်မြင့်သည့် ကွပ်ကဲမှု ဌာနချုပ်မှူးအဖြစ ်ရာထူးတိုးမြင့်ခံရပြီး ဗိုလ်ချုပ်အဆင့်ထိ တာဝန်ယူသွားခဲ့သည်။ ဒါတွင်မက အရေးကြီးသည့် နယ်ဘက် ဝန်ကြီးဌာန များကိုလည်း ဦးဆောင်သွားခဲ့သည်။

သူကလည်း ဂျီဝမ်းဘဝကနေ ခြေလျင်တပ်ရင်းမှူးအဖြစ် ပြန်သွား ရမယ်ဆိုတော့ ယူနီဖောင်းက လက်မောင်း တံဆိပ်များကို ပြောင်းတပ်ရင်း ဇနီးဖြစ်သူ မျက်ရည်ကျခဲ့သည့် အကြောင်း၊ သူ့ကို ဂိတ်ဆုံးပြီး ဆိုကာ နှိမ့်ချ ဆက်ဆံခဲ့သူများအကြောင်း၊ အဲဒီအချိန်မှာ သူ့ကို ကူညီအားပေးခဲ့သည့် မိတ်ဆွေ ကောင်းတွေ၊ သူနဲ့အတူ တိုက်ပွဲ ဝင်ပြီးအောင်ပွဲကို ရယူပေးတဲ့ ရဲဘော်တွေအကြောင်း ကျွန်တော်တို့ကို ပြောပြတတ်သည်။

ဒါ့အပြင် ဘဝကို ချောတိုင်နဲ့ညွှန်းပြီး ငါကတော့ ဘယ်နှစ်ခါ ပြန်ကျကျ ရအောင်တက်မှာပဲဟု ဆိုသည်။ နောက်ပြီး ကျွန်တော်တို့ကို မင်းတို့ အပေါ်ကို တက်သွားတဲ့အခါ နင်းတက်ခဲ့တဲ့ လှေကားထစ်တွေကို မမေ့နဲ့ဟု ဆိုသည်။ ဒီထက် အရေးကြီးတာက မင်းတို့တက်နေတုံး ပြန်ဆင်းလာတဲ့သူတွေ တွေ့ရင်လည်း ကောင်းကောင်း နှုတ်ဆက်ကွ၊ မင်းတို့လည်း တစ်နေ့ ပြန်ဆင်းရမှာပဲ။ အဲဒီအခါကျရင် မင်းတို့ကို နှုတ်ဆက်တဲ့သူ ရှိလိမ့်မယ် ဆိုသည့် ဆုံးမစကားဖြစ်သည်။

အတက်၊အကျ သဘောတွေကို အစထဲက နှလုံးသွင်းတတ်သူများနဲ့လည်း ကြုံတွေ့ခဲ့ဘူးသည်။ ၁၉၉၀ ပြည့်လွန်နှစ် များက တိုင်းစစ်ဌာနချုပ်တစ်ခုမှာ ဦးစီးအရာရှိ တာဝန်ယူသည့်အချိန်။ အဲဒီအချိန်က တိုင်းမှူးများက နယ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးကိုပါ ပူးတွဲတာဝန်ယူ ထားသည့် အချိန်ဖြစ်သည်။ ဒီတော့ နယ်ဘက်ဆိုင်ရာ အခမ်းအနားများကိုလည်း ကျွန်တော်တို့ တာဝန်ယူ ရသည်။ ဒီမှာ ခုံနေရာ ပြဿနာနဲ့ကြုံရသည်။

တပ်မှာတော့ ကြီးစဉ်ဇယားက အတိအကျ၊ နယ်ဘက်ကျတော့ ပြည်နယ်အဆင့်၊ တိုင်းအဆင့်ဌာန အကြီးအကဲ အားလုံးက အတူတူလို ဖြစ်နေသည်။ ဒီတော့ ရှေ့ဆုံးတန်းကို လုတာတွေရှိသည်။ ဘာ့ကြောင့်မှန်းမသိ၊ ဓာတ်ပုံထဲပါချင်လို့လား၊ ဒါမှမဟုတ် ရှေ့ဆုံးတန်းက ပိုအရေးပါသည်ဟု ထင်လို့လား။ ဒါပေမယ့် ဌာနအကြီးအကဲ တစ်ဦးကတော့ ဘယ်အချိန်ရောက်ရောက် ဒုတိယတန်းမှာ သွားထိုင် နေတတ်တာကို သတိပြုမိသည်။ အခမ်းအနားစခါနီး ရှေ့ခုံတွေ လွတ်နေတဲ့အခါ ကျွန်တော်တို့က ရှေ့မှာ လာထိုင်ဖို့ ပြောရသည်။ တစ်နေ့တော့ ကျွန်တော်က အန်ကယ်ကြီး စောစောရောက်လည်း ဘာ့ကြောင့် နောက်သွားထိုင်နေတာလဲဟု စပ်စုမိသည်။

သူက ဗိုလ်မှူးရေ၊ ရှေ့မှာထိုင်နေပြီး အကြောင်းကြောင့် နောက်တန်း ပြန်ဆင်းထိုင်ရရင် မြင်မကောင်း ဘူးဗျ၊ လိုအပ်လို့ ရှေ့ရွှေ့ထိုင် ပေးရတာက ပြဿနာ မဟုတ်ဘူးဟု ရှင်းပြသည်။ ဒါကလည်း သင်ခန်းစာတစ်ခုပင်။ ကျွန်တော့်ဘ၀ လမ်းတစ်လျှောက်မှာ အဲဒီလို လူတွေဆီက စိတ်ဓာတ် ခွန်အားတွေ၊ အတွေးအမြင်တွေ ရခဲ့တာက ကံထူး မှုတစ်ခုပင်။ ဘဝလမ်းရဲ့ တစ်ခုသော အစိတ်အပိုင်းမှာ ကျွန်တော်လည်း နိမ့်ကျခဲ့ဖူးသည်။ လုပ်ဖော်ကိုင်ဘက်တွေ ရှေ့က ခြေလှမ်းသွက်သွက် ခရီးနှင်စဉ်မှာ ချောင်တစ်ချောင်မှာ ကျွန်တော်ရှိနေခဲ့သည်။

အဲဒီအချိန်က ဆရာသမားနှစ်ဦးရဲ့ စိတ္တ သတ္တိတွေကို မွေးယူခဲ့ရသည်။ အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းနိုင်ဖို့ ကြိုးစားသည်။ မဲဇာရောက်နေတုံး စာတွေပိုဖတ်ဖြစ်၊ ပိုရေးဖြစ်သည်။ မိသားစုနှင့် အခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းခဲ့သည်။ ဒါ့အပြင် ဆရာတော် ဦးဇောတိကရဲ့ တရားစာအုပ်တွေနဲ့လည်း စိတ်ကိုဆောက်တည်ခဲ့ရသည်။ တစ်လောတုံးက နာရေးတစ်ခုမှာ ဆရာတော်၏ ဒကာရင်းတစ်ဦးနှင့် အမှတ်မထင် ဆုံသည့်အခါ ထိုအချိန်က ဆရာတော့် စာတွေနဲ့ ဆောက်တည်ခဲ့ရပုံများကို ရှင်းပြရင်း ကျေးဇူးစကားဆိုမိသည်။ 

ထိုမိတ်ဆွေက အခုကော ဟုမေးသည်။ အခု လည်း အကြိမ်ကြိမ် ပြန်ဖတ်နှလုံးသွင်း ဖြစ်ပါတယ်။ အတက်မှာ အခြေမလွတ်ဖို့လိုသလို အဆင်း အတွက်လည်း ပြင်ဆင်ရဦးမယ်လေ၊ ဆရာတော်ကိုလည်း လျှောက်ပေးပါ ဟု ဖြေခဲ့ပါသည်။ ဘဝခရီးကား ရှည်လျား၏။ ဘယ်အကွေ့မှာ ဘာတွေဖြစ်မည်မသိနိုင်။ လုပ်နိုင် တာကတော့ အနိမ့်အမြင့်၊ အတက်အကျ အားလုံးအတွက် ပြင်ဆင်ထားခြင်းပဲဖြစ်ပါသည်။ ဒါဆိုရင်တော့ ကြောင့်ကြခြင်း ကင်းစွာဖြင့် ခရီးဆက်နိုင်လိမ့်မည် ထင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags