ထိုင်ဝမ်ရုံးပိတ်ခြင်းသည် ပြည်တွင်းရေးတွင် အလွန်အကျွံဝင်ရောက် စွက်ဖက်ခြင်းကြောင့်ဟု ဟောင်ကောင် အပြစ်တင်

ထိုင်ဝမ်ရုံးပိတ်ခြင်းသည် ပြည်တွင်းရေးတွင် အလွန်အကျွံဝင်ရောက် စွက်ဖက်ခြင်းကြောင့်ဟု ဟောင်ကောင် အပြစ်တင်

ထိုင်ဝမ်ရှိ ကိုယ်စားလှယ်ရုံးကို ပိတ်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဟောင်ကောင်မှ ထွက်ပြေးရန် ကြိုးပမ်းသည့် အကြမ်းဖက်ဆန္ဒပြသူများအား ထိုင်ဝမ်က ကူညီရန် ကမ်းလှမ်းခြင်းသည် ဟောင်ကောင်၏ ပြည်တွင်းရေးကို အလွန်အကျွံ ဝင်ရောက် စွက်ဖက်ခြင်းဖြစ်သည်ဟု ဟောင်ကောင်က စွပ်စွဲလိုက်သည်။

ပြည်ပရောက်တက်ကြွလှုပ်ရှားသူများအား ကူညီရန် ထိုင်ဝမ်၏ ကြိုးပမ်းမှုကို "အထင်ရှားဆုံး" ဝင်ရောက်စွက်ဖက်မှုအဖြစ် ကိုးကား၍ ပြောကြားရာတွင် "မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်က ဟောင်ကောင်၏ ကိစ္စရပ်များကို အကြိမ်ကြိမ် အလွန်အကျွံ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် ဟောင်ကောင်-ထိုင်ဝမ်ဆက်ဆံရေးကို ယိုယွင်းမှုကို ပြန်လည် အဖယ်ဆယ်၍ မရအောင် ပြုလုပ်နေသည်" ဟု ဟောင်ကောင်အစိုးရ ပြောရေးဆိုခွင့်ရှိသူက မေလ ၂၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းအား တရုတ်က ယင်း၏ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်က ဟောင်ကောင်ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံပေးနေသည်။

ဟောင်ကောင်၏ အမျိုးသားလုံခြုံမှုဆိုင်ရာ ဥပဒေအသစ်ကို တုံ့ပြန်သောအားဖြင့် ထိုင်ဝမ်က ဟောင်ကောင်လူသားချင်းစာနာမှုအကူအညီပေးရေးစီမံကိန်းတည်ထောင်ခဲ့ပြီး ၂၀၂၀ပြည့်နှစ်က ထွက်ပြေးလာခဲ့သော ဆန္ဒပြသူများကို ဒီမိုကရေစီစနစ်ကျင့်သုံးသော ထိုင်ဝမ်တွင် ဘဝသစ်တည်ဆောက်ရန် ကူညီခဲ့သည်။

ယင်းလုပ်ရပ်အား ဟောင်ကောင်အစိုးရက အလွန်အမင်း ဝမ်းနည်းစရာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မေလ ၁၈ ရက်က တိုင်ပေရှိ ဟောင်ကောင်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုရုံး၏ လုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့သည်။

စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ရန်အတွက် အဆိုပါ ရုံးကို ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

ထိုင်ဝမ်တွင် ဝန်ထမ်းများ ခြိမ်းခြောက်ခံနေရသလို ထိုင်ဝမ်ရုံး၏ လုပ်ဆောင်မှုများသည် အန္တရယ်များသည်ဟု ဟောင်ကောင်အစိုးရက ပြောကြားခဲ့သော်လည်း မည်သည့် ခြိမ်းခြောက်မှုဖြစ်သည်ကိုမူ အသေးစိတ် ရှင်းပြခဲ့ခြင်းမရှိပေ။

တစ်ချိန်တည်းမှာပင် ထိုင်ဝမ်ရေလက်ကြား၏ တစ်ဘက်တစ်ချက်၏ ဆက်သွယ်ရေး လမ်းကြောင်းအဖြစ် ဖော်ဆောင်ခဲ့သော ဟောင်ကောင်ရှိ ထိုင်ဝမ်၏ အလွတ်သဘောဖွင့်ထားသည့် သံတမန်ရုံးဝန်ထမ်းများ၏ ဗီဇာသက်တမ်းတိုးခြင်းကို ဟောင်ကောင်က နှောင့်နှေးအောင် လုပ်ဆောင်သည်ဟု ထိုင်ဝမ်အရာရှိများက ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ပြည်မကြီးရေးရာ ကောင်စီက ဟောင်ကောင်၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရ စွပ်စွဲချက်ဖြစ်သည်မှာ သိသာထင်ရှားကြောင်း မေလ ၂၀ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required