အာဖဂန်၏ တပ်ရုပ်သိမ်းပြီးနောက် အခြေအနေကို စောင့်ကြည့်ရန် အမေရိကန် စီစဉ်

အာဖဂန်၏ တပ်ရုပ်သိမ်းပြီးနောက် အခြေအနေကို စောင့်ကြည့်ရန် အမေရိကန် စီစဉ်

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းနေပြီး ယိုယွင်းနေသော တိုင်းပြည်အား နယ်နိမိတ်ပြင်ပမှ စောင့်ကြည့်လေ့လာရန် အစီအစဉ်အပေါ် အမေရိကန်တာဝန်ရှိသူများက သဘောထားကွဲလွဲနေကြပြီး တပ်ဖွဲ့များအားလုံးကို ရုပ်သိမ်းပြီးနောက်တွင် အမေရိကန်အနေဖြင့် ထိရောက်သော ပံ့ပိုးမှုပေးရန် ခက်ခဲလိမ့်မည်ဟု တချို့က ပြောဆိုနေကြသည်။

အမေရိကန်စစ်တပ်သည် အာဖဂန်နစ္စတန်မှ ထွက်ခွာရန် လုပ်ဆောင်လျှက်ရှိရာတွင် အမေရိကန်၏ စစ်ရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် ပစ္စည်းကိရိယာများကို စက်တင်ဘာ ၁၁ ရက် နောက်ဆုံးထားပြီး ပြန်ပို့မည်ဖြစ်သည်။

မေလ ၂၀ရက်က အမေရိကန် ဆီးနိတ်လွှတ်တော်ကြားနာမှုအတွင်း ပင်တဂွန် အရာရှိများက အမေရိကန် စစ်တပ်များ အာဖဂန်နစ္စတန်တွင် မရှိသော်လည်း စစ်သွေးကြွအုပ်စုများကို စောင့်ကြည့်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒေသတွင်းက လိုအပ်တဲ့နေရာမှာ အသင့်အနေထားဖြစ်စေမယ့် လုပ်နိုင်စွမ်းရည်တွေ ကျွန်တော်တို့မှာ ရှိပါတယ်” ဟု နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဒု-ညွှန်ကြားရေးမှုးဖြစ်သူ ဗိုလ်မှူးချုပ် မက်သရူး ဂျီ ထရိုးလင်းက ပြောကြားသည်။

"အလားအလာရှိတဲ့ ရန်သူတွေကို စောင့်ကြည့်နိုင်စွမ်း ကျွန်တော်တို့မှာရှိသလို အဲဒီရန်သူတွေကို ခြေရာခံနိုင်ပြီး အခြေအနေပေးတဲ့အခါ တိုက်ခိုက်နိုင်ပါတယ်။"

မေလ ၂၀ ရက်က ပင်တဂွန်၏ ထုတ်ပြန်ချက်တွင် အမေရိကန်က အာဖဂန်မှ ဆုတ်ခွာပြီးနောက် တာလီဘန်များက တိုင်းပြည်ကို သိမ်းပိုက်ခြင်း သို့မဟုတ် အာဖဂန်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးအင်အားစုများက တာလီဘန်များကို အနိုင်ယူခြင်း အပါအဝင် ဖြစ်နိုင်ချေများစွာ ရှိလိမ့်မည်ဟု ဖော်ပြထားသည်။

“ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်လတွေအတွင်းမှာ ဖြစ်နိုင်ချေရှိတဲ့ ရလဒ်တွေကို ကျွန်တော် အသိအမှတ်ပြုတယ်” ဟု အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ နိုင်ငံရေးနှင့် စစ်ရေးရေးရာ ဒု-ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် မက်သရူး ဂျီ ထရိုးလင်းက ပြောကြားသည်။

“ ကျွန်တော်ပြောချင်တာက ANDSF (အာဖဂန်လုံခြုံရေးတပ်ဖွဲ့)တွေက စွမ်းဆောင်ရည်ရှိတဲ့ တပ်ဖွဲ့တွေပါ။ သူတို့မှာ ခြေလျင်တပ်ဖွဲ့၊ လေတပ်နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေရှိတဲ့အပြင် မကြာသေးမီက တာလီဘန်တွေရဲ့တိုက်ခိုက်မှုတွေကိုလည်း ထိထိရောက်ရောက် ခုခံကာကွယ်နိုင်ခဲ့သလို တာလီဘန်တွေရဲ့ လှုပ်ရှားမှုကိုနှောင့်ယှက်ဖို့ ထိုးစစ်လဲ ဆင်နိုင်ခဲ့ပါတယ်”

ဆီးနိတ်လွှတ်တော်ကြားနာမှုအတွင်း အထက်လွှတ်တော်အမတ် ဂျင်မ်အင်ဟိုဖီးက အာဖဂန်နစ္စတန်မှ တပ်များအပြည့်အဝပြန်လည် ရုပ်သိမ်းခြင်းသည် အာဖဂန်လုံခြုံရေးတပ်ဖွဲ့များအား ထိရောက်စွာ ပံ့ပိုးပေးရေးကို အခက်အခဲဖြစ်စေနိုင်ပြီး ကုန်ကျစရိတ်လည်း ပိုမိုကြီးမားလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required