လက်နက်ဒီဇိုင်း ပုံကြမ်း တရုတ်ကုမ္ပဏီသို့ ပေါက်ကြားစေခဲ့သည့် ကုမ္ပဏီများကို ဂျပန်အစိုးရက သတိပေး

လက်နက်ဒီဇိုင်း ပုံကြမ်း တရုတ်ကုမ္ပဏီသို့ ပေါက်ကြားစေခဲ့သည့် ကုမ္ပဏီများကို ဂျပန်အစိုးရက သတိပေး

စစ်ဖက်သုံး စက်သေနတ်အစိတ်အပိုင်းများ၏ ကနဦးပုံစံများ တရုတ်ကုမ္ပဏီတစ်ခုသို့ ပေါက်ကြားမှုဖြင့် ဂျပန်အစိုးရက Sumitomo Heavy Industries Ltd. နှင့် ပေါက်ကြားမှု ဖြစ်စေခဲ့သည့် ၎င်း၏ လက်ခွဲကန်ထရိုက် ကုမ္ပဏီအား သတိပေးထုတ်ပြန်ခဲ့သည်ဟု အစိုးရ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

Sumitomo Heavy Industries ဂျပန်ကုမ္ပဏီသည် စက်မှုလုပ်ငန်းသုံး ယန္တရားများ၊ အော်တိုမက်တစ် လက်နက်များ၊ သင်္ဘောများ၊ တံတားများနှင့် သံမဏိ အဆောက်အအုံများ စသည်တို့ကို ပြုလုပ်သည်။

လက်ခွဲကန်ထရိုက်ကုမ္ပဏီကို ဂျပန်နိုင်ငံခြားငွေနှင့် ကုန်သွယ်ရေး ထိန်းချုပ်မှုဥပဒေကို ချိုးဖောက်ခဲ့ခြင်းကြောင့် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဧပြီလအတွင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု Japan Times သတင်းစာက ဖော်ပြခဲ့သည်။

တင်ဒါတွင် ရွေးချယ်ခံရပါက ထိုလက်နက်များကို မြေပြင်ကာကွယ်ရေးတပ်ဖွဲ့(GSDF) အတွက် ဝယ်ယူမည်ဖြစ်သည်။

“ ဒီလို ဖြစ်ပွားခဲ့တာ ဝမ်းနည်းစရာပါပဲ။ ကျွန်တော်တို့အနေနဲ့ ခုကိစ္စကို သင့်တော်တဲ့ နည်းနဲ့ ဖြေရှင်းမှုတွေ ပြုလုပ်ဖို့ ကြိုးစားသွားမှာပါ” ဟု ဂျပန်အစိုးရ၏ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးအဖွဲ့ အတွင်းရေးမှုး ကက်ဆူနာဘူ ကာတိုက မေလ ၂၀ရက်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

၂၀၁၉ ဘဏ္ဍာနှစ်တွင် မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ ၏ စက်သေနတ်များ ဝယ်ယူရေးတင်ဒါကို Sumitomo Heavy က ဝင်ပြိုင်ခဲ့သော်လည်း ထုတ်လုပ်ရမည့် သေနတ်အရေအတွက်နည်းပါးခြင်းနှင့် ယင်းစီမံကိန်းက စီးပွားရေးအလားအလာများမရှိခြင်းကြောင့် မတ်လတွင် တင်ဒါမှ နုတ်ထွက်ခဲ့သည်။

လက်နက်ထုတ်လုပ်နိုင်ရေးအတွက် ရှေ့ပြေးပုံစံကို လက်ခွဲကန်ထရိုက်ကုမ္ပဏီအား ပေးအပ်ခဲ့ရာတွင် အချို့အစိတ်အပိုင်းများ၏ အသေးစိတ်ပုံစံများကို ခွင့်ပြုချက်မရဘဲ ယင်းကုမ္ပဏီက တရုတ်ကုမ္ပဏီတစ်ခုသို့ ပေးအပ်ခဲ့သည်။

ယင်းအစိတ်အပိုင်းများသည် လက်နက်အတွက်ဖြစ်သည်ကို သတိမပြုမိခဲ့ကြောင်း ကန်ထရိုက်ကုမ္ပဏီက Sumitomo Heavy သို့ ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly