မော့ဆက်ထောက်လှမ်းရေး အကြီးအကဲသစ် အစ္စရေး ခန့်အပ် 

မော့ဆက်ထောက်လှမ်းရေး အကြီးအကဲသစ် အစ္စရေး ခန့်အပ် 
Photo - AFP

မေ ၂၅

မော့ဆက်ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲသစ်အဖြစ် ဒေးဗစ်ဘာနီယာကို ခန့်အပ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက တနင်္လာနေ့မှာ ကြေညာပါတယ်။ 

မော့ဆက်အကြီးအကဲ ရာထူးဟာ ပြင်ပခြိမ်းခြောက်မှုတွေ အထူးသဖြင့် ရန်ဖက် အီရန်ကနေ ဂျူးနိုင်ငံကို ကာကွယ်ရေးမှာ အခရာကျတဲ့ ရာထူးလည်း ဖြစ်ပါတယ်။ 

Sayeret Matkal အထူးကွန်မန်ဒိုတပ်ဖွဲ့မှာ တိုက်ခိုက်ရေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ အသက် ၅၆ နှစ်ရှိ ဘာနီယာဟာ ၁၉၉၆ ခုနှစ်မှာ မော့ဆက်အဖွဲ့ထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၉ ကစလို့ သူဟာ အေဂျင်စီရဲ့ ဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ကြောင်း နေတန်ယာဟုရုံးအရ သိရပါတယ်။ 

အစ္စရေးရဲ့ ခြေလှမ်းတွေဟာ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ရာထူးခန့်အပ်ပွဲမှာ နေတန်ယာဟုက အရိပ်အမြွက် ပြောဆိုပါတယ်။ 

၂၀၁၅ အီရန်နျူကလီးယား သဘောတူညီမှုကနေ ၂၀၁၈ မှ နုတ်ထွက်သွားခဲ့တဲ့ အမေရိကန် ပြန်ပါလာရေးအတွက် ဧပြီလအစောပိုင်းက စတင်ပြီး ဗီယင်နာမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ 

သမ္မတဟောင်း ဒေါ်နယ်ထရမ့် လက်ထက်က အီရန်နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ပြီးချမှတ်လာတာကြောင့် အီရန်ဟာ နျူကလီးယား လုပ်ငန်းစဉ်တွေ ပြန်စလာခဲ့ပါတယ်။ 

အဲဒီ သဘောတူညီချက်ကို အစ္စရေးကလည်း ကန့်ကွက်ငြင်းပယ်ထားပါတယ်။ 

“ကျွန်တော်တို့ရဲ့ အမြင့်ဆုံး ရည်မှန်းချက်မှာ ဂျူးပြည်သူတွေ နှစ် ၂၀၀၀ ကြာ ရပ်တည်မှုကို အီရန်ဘာသာရေး ခေါင်းဆောင် အယာတိုလက်ရှ်က မရပ်တန့်နိုင်ဘူးဆိုတာကို အာမခံချက် ခိုင်ခိုင်မြဲမြဲ ရှိဖို့ပါ၊ ဒီအတွက် ရဲရင့်မှုနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ချက် ချနိုင်တာတွေ လိုအပ်ပါတယ်”လို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ နေတန်ယာဟုက ပြောထားပါတယ်။ 

အီရန်ကတော့ သူ့ နျူကလီးယား စီမံကိန်းဟာ အကြမ်းမဖက်သော ငြိမ်းချမ်းရေးပဲ ဖြစ်တယ်လို့ ဆုပ်ကိုင်ထားပါတယ်။ 

အခု ဘာနီယာကို ၂၀၁၅ ကစလို့ မော့ဆက်ကို ဦးဆောင်ခဲ့တဲ့ ယိုစီကိုဟန်နေရာမှာ အစားထိုးမှာ ဖြစ်ပါတယ်။ ကိုဟန်ဟာ အာရပ်နိုင်ငံတွေနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်တဲ့ မကြာသေးခင်က သဘောတူညီချက်တွေ ရရှိအောင် စွမ်းဆောင်ရာမှာ အထင်ကရနေရာက ပါဝင်ခဲ့သူပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly