ဆီးရီးယားရှိ အိုင်အက်စ်များကို တိုက်ခိုက်ရန် ဗြိတိသျှ ဗုံးကြဲလေယာဉ်များ ဆိုက်ပရပ်မှ ပျံတက်

ဆီးရီးယားရှိ အိုင်အက်စ်များကို တိုက်ခိုက်ရန် ဗြိတိသျှ ဗုံးကြဲလေယာဉ်များ ဆိုက်ပရပ်မှ ပျံတက်

အက္ကရိုတီရီ၊ ဒီဇင်ဘာ ၃ ။           ။ ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ရန် ပါလီမန်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် ဗြိတိသျှဗုံးကြဲလေယာဉ်များသည် ဒီဇင်ဘာ ၃ ရက်နေ့ အစောပိုင်းက ဆိုက်ပရပ်ရှိ RAF Akrotiri အခြေစိုက်စခန်းမှ ပျံတက်သွားခဲ့သည်ဟု ရိုက်တာမှ မျက်မြင်တစ်ဦးက ပြောကြားခဲ့သည်။

လေတပ်အခြေစိုက်စခန်းမှ တစ်နာရီခြားတစ်ကြိမ် ဂျက်တိုက်လေယာဉ်လေးစင်းသည် ပျံတက်ခဲ့သည်။ ၎င်းတို့၏ သွားရောက်ဗုံးကြဲသည့်နေရာကိုမသိရသေးသကဲ့သို့ ဗြိတိသျှအာဏာပိုင်များ ကလည်း ပြောကြားခြင်း မရှိပေ။ အီရတ်ရှိ အိုင်အက်စ်ပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် တာထွက်နေရာတစ်ခုအဖြစ် ၎င်းလေတပ်စခန်းအား အသုံးပြုနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ဆီးရီးယားရှိ အိုင်အက်စ်များကို တိုက်ခိုက်ရန် ဒီဇင်ဘာ ၂ ရက်နေ့နောက်ပိုင်းက ပါလီမန်တွင် ကျယ်ပြန့်စွာမဲပေးမှုရရှိခဲ့သည်။

၁၀နာရီကြာအပြင်းအထန်အခြေအတင်ဆွေးနွေးပြီးနောက် ထောက်ခံမဲ ၃၉၇မဲ၊ ကန့်ကွက်မဲ ၂၂၃မဲဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သည့်ဘက်မှ အနိုင်ရခဲ့သည်။ ပစ်မှတ်အလွန် တိကျသော လေဆာ ပဲ့ထိန်း ဘရင်းမ်စတုန်းဒုံးကျည်များ တပ်ဆင်ထားသော Tornado GR4 ဗုံးကြဲလေယာဉ်များက အိုင်အက်စ်၏ မြို့တော်ဟုဆိုသည့် ရာကာနှင့် ၎င်း၏ ရေနံကုန်သွယ်ရေးလုပ်ငန်းကို တိုက်ခိုက်ရာတွင် ထူးထူးခြားခြားထိရောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းက ဒီဇင်ဘာ ၂တွင် ပါလီမန်သို့ပြောကြားခဲ့သည်။

ဆီးရီးယားမှ ကီလိုမီတာ ၁၀၀ သာဝေးသော ဆိုက်ပရပ်သည် အရှေ့အလယ်ပိုင်းရှိ ကသောင်းကနင်းအခြေအနေနှင့် အနီးကပ်ဆုံးရှိသော အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ တစ်ချိန်က ကိုလိုနီ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့သော ဗြိတိန်တွင် ဆိုက်ပရပ်၌ ယခုအထိ၎င်းတို့ပိုင်ဆိုင်သည့် စစ်အခြေစိုက်စခန်းနှစ်ခုရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly