အာဖဂန်တပ်နဲ့ တာလီဘန်တွေ မြို့တော် ကဘူးလ်နား တိုက်ပွဲဖြစ် 

အာဖဂန်တပ်နဲ့ တာလီဘန်တွေ မြို့တော် ကဘူးလ်နား တိုက်ပွဲဖြစ် 
Photo - AFP

မေ ၂၅

ကဘူးလ်မြို့တော်မှ ၇၅ မိုင်အကွာနားတွင် အာဖဂန်တပ်ဖွဲ့ဝင်တွေနဲ့ တာလီဘန်တိုက်ခိုက်ရေးသမားတွေ တိုက်ပွဲဖြစ်ကြကြောင်း တာဝန်ရှိသူတွေနဲ့ မျက်မြင်တွေက ပြောကြပြီး ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် တိုက်ပွဲဖြစ်ရာ တစ်နေရာဆီ လာရောက်ခဲ့ပါတယ်။ 

အမေရိကန်တပ်တွေ နောက်ဆုံး ရုပ်သိမ်းမှုကို မေ ၁ ရက်စပြီး စတင်ခဲ့ချိန်နောက်ပိုင်း တာလီဘန်တွေရဲ့ နယ်မြေသစ် သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးဖိအားပေး ဖော်ဆောင်လာတာကြောင့် အာဖဂန်နစ္စတန်မှာ တိုက်ပွဲ‌တွေ အရှိန်မြင့်လာခဲ့ပါတယ်။ 

လက်ရှ်မန်းပြည်နယ်ရဲ့ မြို့တော် လူဦးရေ ၁၄၀၀၀၀ နီးပါးရှိရာ မီဟာလမ်မြို့စွန်မှာ တနင်္ဂနွေနေ့နှောင်းပိုင်းက ပြင်းထန်တဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ 

ကာကွယ်ရေးဝန်ကြီး ယာဆင်ဇီယာဟာ တိုက်ပွဲဖြစ်ရာ တစ်နေရာဆီ ကိုယ်တိုင်လာရောက်ကြည့်ရှုစစ်ဆေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

“တပ်ကူရောက်လာတာနဲ့ ရန်သူတွေဖက်ကလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်”လို့ စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ ဇီယာက ဗီဒီယိုမက်ဆေ့ချ်ကနေ ပြောပါတယ်။ 

ညပိုင်းတိုက်ပွဲအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား အနည်းဆုံး ၅၀ သေဆုံးတယ်လို့ စစ်ဝန်ကြီး ဇီယာက ဆိုပါတယ်။ 

မြို့ပြင်နေရာတွေက လုံခြုံရေးဂိတ်စခန်း ၃၇ ခုကို လက်ရသိမ်းပိုက်နိုင်ခဲ့တယ်လို့ တာလီဘန်ပြောခွင့်ရသူ မူဂျာဟစ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

အာဖဂန်မှာ တိုက်ပွကျဆုံး ဦးရေနဲ့ နယ်မြေသိမ်းပိုက်နိုင်တဲ့ သတင်းကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ဖို့ ခဲယဉ်းပြီး နှစ်ဖက်စလုံးဟာ ၎င်းတို့ရဲ့ အောင်မြင်မှုကို ပိုပိုသာသာ ပြောကြကာ ဆုံးရှုံးမှုကိုတော့ လျော့ချပြောဆိုလေ့ ရှိပါတယ်။ 

မီဟာလမ်မြို့ အချို့နေရာတွေမှာ တနင်္လာနေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လူရာပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်းရတယ်လို့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ပါတယ်။ 

ကျောင်းသားတစ်ဦးဖြစ်တဲ့ ဇာဘီဟူလက်ရှ်က အစိုးရတပ်တွေရဲ့ ထိန်းချုပ်ထားနိုင်ပြီ အာမခံချက်ကြောင့် ကျောင်းသွားခဲ့ပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်တာကြောင့် ထွက်ပြေးလာခဲ့ရကြောင်း အေအက်ဖ်ပီကို ပြောပါတယ်။ 

“အခုဆို မြို့မှာ ဘယ်နေရာများ ဘေးကင်းလုံခြုံလဲဆိုတာ ကျွန်တော် မသိတော့ဘူး”ဆိုပြီး သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly