လေယာဉ်ကို အတင်းအကြပ်ဆင်းသက်စေ၍ အီးယူက ဘီလာရုစ်နဲ့ ဝေဟင်ကူးလူးပျံသန်းမှု ဖြတ်တောက် 

လေယာဉ်ကို အတင်းအကြပ်ဆင်းသက်စေ၍ အီးယူက ဘီလာရုစ်နဲ့ ဝေဟင်ကူးလူးပျံသန်းမှု ဖြတ်တောက် 
Photo - AFP

မေ ၂၅

ဘီလာရုစ်နိုင်ငံနဲ့ ဥရောပရဲ့ ဝေဟင်ကူးလူးချိတ်ဆက် ပျံသန်းမှုကို အီးယူခေါင်းဆောင်တွေဟာ တနင်္လာနေ့မှာ ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။  

သဘောထား တင်းမာတဲ့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒြား လူကာရှန်ကို အစိုးရဟာ သဘောထားကွဲလွဲတဲ့ ဂျာနယ်လစ်တစ်ဦးကို သူ လိုက်ပါစီးနင်းတဲ့ လေယာဉ်ကို မင့်စ်မြို့ဆီ အတင်းအကြပ် ဆင်းသက်စေပြီး ဖမ်းဆီးခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ 

အသက် ၂၆ နှစ်ရှိ အလိုရှိစာရင်းဝင် သတင်းထောက် ရိုမန်ပရိုတက်ဆီဗစ်ရှ်နဲ့ သူ့ ရည်းစား ဆိုဖီယာဆာပီဂါတို့ လိုက်ပါစီးနင်းလာတဲ့ ဂရိကနေ လစ်သူယေးနီးယားဆီ ပျံသန်းတဲ့ Ryanair လေကြောင်းလိုင်း လေယာဉ်ကို တနင်္ဂနွေနေ့က တိုက်လေယာဉ်တစ်စင်းနဲ့ လိုက်လံပြီး အတင်းအကြပ် ဆင်းသက်စေခဲ့တာကြောင့် လူကာရှန်ကိုကို နိုင်ငံတကာက စိတ်ဆိုးဒေါသထွက်ကြတာ ဖြစ်ပါတယ်။ 

ဝါဆောက အီးယူကော်မရှင် ကိုယ်စားလှယ်ရုံးရှေ့မှာ ဆန္ဒပြသူ သုံးလေးရာထက်မနည်းဟာ ဖမ်းဆီးခံ ဂျာနယ်လစ် ရိုမန်ပရိုတက်ဆီဗစ်ရှ်ကို ထောက်ခံကြောင်း စုရုံးဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ 

ဘရပ်ဆဲလ်မှာ စည်းဝေးကြတဲ့ ဥရောပခေါင်းဆောင်တွေဟာ ပရိုတက်ဆီဗစ်ရှ်တို့ သမီးရည်းစားကို ချက်ချင်းပြန်လွှတ်ဖို့ တောင်းဆိုပြီး ဘီလာရုစ်ကို တုံ့ပြန်တဲ့အနေနဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝေဟင်မှာ ဘီလာရုစ်လေကြောင်းလိုင်းတွေကို တားမြစ်သွားဖို့ သဘောတူပြီး အီးယူအခြေစိုက် လေကြောင်းလိုင်းတွေကိုလည်း ဘီလာရုစ် ဝေဟင်ပေါ် မပျံသန်းကြဖို့ တိုက်တွန်းဆော်ဩပါတယ်။ 

ဒါအပြင် ဘီလာရုစ်အာဏာပိုင်တွေကို ဆန့်ကျင်ပြီး နောက်ထပ် ‘ပစ်မှတ်ထား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ’ ချမှတ်သွားမယ်လို့လည်း သတိပေးလိုက်ပါတယ်။ ဘီလာရုစ်နိုင်ငံအနေနဲ့ အတိုက်အခံတွေကို ဖြိုခွင်းတာကြောင့် အစိုးရပိုင်း ပုဂ္ဂိုလ် ၈၈ ဦးနဲ့ ကုမ္ပဏီ ခုနစ်ခုကို နာမည်ပျက်စာရင်း အသွင်းခံထားရတာလည်း ဖြစ်ပါတယ်။ 

လစ်သူယေးနီးယားနဲ့ ပိုလန်ကြား ကူးလူးနေထိုင်နေတဲ့ ပရိုတက်ဆီဗစ်ရှ်ရဲ့ စက္ကန့် ၃၀ အကြာ ဗီဒီယိုကို နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်ခဲ့အပြီးမှာ အီးယူက အခုလို အရေးယူဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုမှာ ပရိုတက်ဆီဗစ်ရှ်က မင့်စ်မြို့က အကျဉ်းထောင်တစ်ခုမှာ ရောက်ရှိနေတဲ့အကြောင်းကို အတည်ပြု ပြောဆိုပြီး မတည်မငြိမ်မှုကြီးတွေဖြစ်အောင် စီစဉ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကိုလည်း ဝန်ခံထားတာ ဖြစ်ပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လေယာဉ်ကို လမ်းကြောင်းပြောင်းစေပြီး ပရိုတက်ဆီဗစ်ရှ်ကို ဖမ်းဆီးတာဟာ ‘နိုင်ငံတကာ စံနှုန်းတွေကို တိုက်ရိုက်စော်ကားလိုက်တာပဲ’လို့ ရှုတ်ချပြီး အခု ဗီဒီယိုဟာလည်း ခြိမ်းခြောက်အကျပ်ကိုင်ပြီး မှတ်တမ်းတင်ထားပုံရတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly