တရုတ်အာကာသစခန်းတွင် စက်ရုပ်လက်တံထားရှိအား အမေရိကန်တွင် စိုးရိမ်မှု ဖြစ်ပေါ်

By Sify.com
24 May 2021
တရုတ်အာကာသစခန်းတွင် စက်ရုပ်လက်တံထားရှိအား အမေရိကန်တွင် စိုးရိမ်မှု ဖြစ်ပေါ်

တရုတ်၏ Tiangong အာကာသစခန်း၌ အားကောင်းသည့် စက်ရုပ်လက်တံ တပ်ဆင်လိုက်ခြင်းသည် အခြားဂြိုဟ်တုများအား ဆွဲယူရန် နည်းပညာအဖြစ် အနာဂတ်တွင် အသုံးပြုလာနိုင်သောကြောင့် အမေရိကန်နိုင်ငံတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။

တန်ချိန် ၂၀ အထိ အလေးချိန်ရှိသည့် ပစ္စည်းများကိုပင် အပေါ်သို့ တင်နိုင်ပြီး အာကာသစခန်း အပြင်ပတ်လည်တွင် လှည့်ပတ်နိုင်သော ၁၀ မီတာရှည်သည့် ယင်းလက်တံအား ရောက်ရှိလာသည့် အာကာသယာဉ်များကို ဖမ်းဆုပ်ဆွဲယူကာ အောက်သို့ ချပေးနိုင်မည်ဟု South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် အာကာသအတွင်း စွန့်ပစ်ပစ္စည်းများကို စုစည်း၍ ကမ္ဘာ့လေထုအတွင်း ပြန်လည်မီးရှို့နိုင်ရန် စက်ရုပ်လက်တံများပါရှိသည့် သားကောင်လိုက် ဂြိုဟ်တုများကို ယခင်ပင် လွှတ်တင်ခဲ့သည်။

အမေရိကန်အာကာသတပ်ရင်းမှ တပ်မှူး ဂျိမ်းစ်ဒစ်ကင်ဆန်က ပြီးခဲ့သည့် လအတွင်းက ပြုလုပ်ခဲ့သည့် ကွန်ဂရက် ကြားနာမှုတွင် တရုတ်၏ အဆိုပါ နည်းပညာသည် အနာဂတ်တွင် အခြားဂြိုဟ်တုများကို ဆွဲယူရန် အသုံးပြုလာနိုင်သောကြောင့် အမေရိကန်စစ်တပ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်တို့၏ စက်ရုပ်လက်တံပါသည့် Shijian-17 ဂြိုဟ်တုသည် အမေရိကန်၏ ဂြိုဟ်တုများကို ဆွဲချနိုင်သော ကြောင့် အာကာသအတွင်း စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ကြောင်း လည်း ၎င်းက‌ ပြောသည်။

Shijian-17 ဂြိုဟ်တုကို ထုတ်လုပ်ခဲ့သည့် တရုတ်အာကာသနည်းပညာ သိပ္ပံက အဆိုပါ ဂြိုဟ်တုသည် အာကာသအတွင်း စွန့်ပစ်ပစ္စည်း များပြားလာခြင်းကို လေ့လာမည့် နည်းပညာများအား စမ်းသပ်ရန်ဖြစ်ကြောင်း ယင်းဂြိုဟ်တုကို လွှတ်တင်ခဲ့သည့် ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့သည်။

သို့သော် ဝါရှင်တန်အခြေစိုက် ပညာရှင်များအဖွဲ့ဖြစ်သည့် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာနက အဆိုပါ ဂြိုဟ်တုကို အခြားဂြိုဟ်တုများနှင့် မတူညီသည့် စမ်းသပ်လေ့ကျင့်မှုများ လုပ်ဆောင်ခဲ့သလို ပုံစံလည်း မတူကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အာကာသအေဂျင်စီနာဆာအနေဖြင့် အာကာသယာဉ်များတွင် စက်ရုပ်လက်တံ တပ်ဆင်ခြင်းကို ၁၉၉၀ ပြည့်နှစ်ဝန်းကျင်ကပင် စတင်လုပ်ဆောင်ခဲ့ကြောင်း မကာအိုအခြေစိုက် စစ်ရေး လေ့လာသူ အန်တိုနီဝန်ဒေါင်းက ပြောကြားသည်။ အမေရိကန်တို့၏ စိုးရိမ်မှုကိုလည်း နားလည်နိုင်ကြောင်း ၎င်းက ပြောသည်။

“တရုတ်က ဒါကို ဘယ်အချိန်က အသုံးချသလဲ ဆိုတာနဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ အဓိကကျတဲ့ မေးခွန်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required