ထိုင်ဝမ်ရေလက်ကြားအရေးတွင် ပူးပေါင်းလုပ်ဆောင်ရန် အမေရိကန်နှင့် တောင်ကိုရီးယား သဘောတူ

By Sify.com
24 May 2021
ထိုင်ဝမ်ရေလက်ကြားအရေးတွင် ပူးပေါင်းလုပ်ဆောင်ရန် အမေရိကန်နှင့် တောင်ကိုရီးယား သဘောတူ

တင်းမာမှုများ မြင့်တက်နေချိန်တွင် ကီလိုမီတာ ၁၈၀ အကျယ်ရှိသည့် ထိုင်ဝမ်ရေလက်ကြားအရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့က သဘောတူလိုက်ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဧည့်သည်တော် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းက အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း Taiwan News က ဖော်ပြသည်။

အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်သောရေကြောင်းသွားလာမှု ဆက်လက်ရှိစေရေးနှင့် ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငိမ်မှု ထိန်းသိမ်းရေးတို့ကို ဆွေးနွေးခဲ့ကြောင်း ပူးတွဲ ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

“ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အလွန်အရေးကြီးတယ်ဆိုတဲ့ အမြင်ကို သဘောတူခဲ့ကြပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်အကြားက အရေးကြီးတဲ့ အခြေအနေတွေကို စဉ်းစားပြီး ဒီပြဿနာကို လက်တွဲ ဆောင်ရွက်ဖို့ သဘောတူပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ နေ့စဉ်နီးပါး ဝင်ရောက်ကျူးကျော်မှု အပါအဝင် နိုင်ငံရေးဖိအားပေးခြင်းနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများကို တရုတ်က လုပ်ဆောင်လာသောကြောင့် ယခုကဲ့သို့ ဆွေးနွေးမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသဖြစ်စေရန် အမေရိကန်၏ ဆုံးဖြတ်ချက်ကို ပြသသည့်အနေ ဖြင့် အမေရိကန် ရေတပ်စစ်သင်္ဘော USS Curtis Wilbur (DDG 54) သည် ထိုင်ဝမ်ရေလက်ကြားအား မကြာသေးမီက ဖြတ်သန်းခုတ်မောင်းခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည်ဟု စွပ်စွဲထားသည့် တရုတ်အစိုးရက အဆိုပါ သင်္ဘောဖြတ်သန်းခြင်းကို ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

ယင်း ရေလက်ကြားသည် နိုင်ငံတကာ ရေပိုင်နက်ဖြစ်သော်လည်း ထိုင်ဝမ်ကို တရုတ်က ၎င်းတို့ပိုင်ဆိုင်သည့် နယ်မြေအဖြစ် ကြေညာထားသလို ယင်းနယ်မြေအတွင်း အမေရိကန်၏ ရေတပ်ရှိနေခြင်းသည် ထိုင်ဝမ်အစိုးရကို ထောက်ခံနေခြင်း ဖြစ်သည်ဟု သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required