အီတလီမှာ ကေဘယ်လ်ကား မတော်တဆမှုဖြစ်လို့ လူ ၁၄ ဦးထက်မနည်း သေဆုံး

အီတလီမှာ ကေဘယ်လ်ကား မတော်တဆမှုဖြစ်လို့ လူ ၁၄ ဦးထက်မနည်း သေဆုံး
Photo - AFP

မေ ၂၄

အီတလီနိုင်ငံမှာ မေလ ၂၃ ရက်က ကေဘယ်လ်ကား မတော်တဆမှုတစ်ခုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးပြီး ကလေးငယ်နှစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ တာ၀န်ရှိသူတွေက ပြောပါတယ်။

နိုင်ငံမြောက်ပိုင်း ပိဒ်မွန့်ဒေသက မဂျော်ရီ ရေကန် ကမ်းစပ်ရှိ အပန်းဖြေမြို့ စထရီဆာမှာ ဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုဖြစ်စဉ်ကြောင့် သေဆုံးသူဦးရေ ထပ်မံ မြင့်တက်လာနိုင်ကြောင်း အယ်လ်ပိုင်း ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

မဂျော်ရီ ရေကန်နဲ့ အနီးအနား တောင်တစ်ခုကို ချိတ်ဆက်ထားတဲ့ ကေဘယ်လ်ကားတစ်စီး ပြေးဆွဲနေချိန် အောက်မှာရှိတဲ့ သစ်တောထဲ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။

အသက် ကိုးနှစ်နဲ့ ငါးနှစ် အရွယ်ရှိတဲ့ ကလေးနှစ်ဦး ဒဏ်ရာအပြင်းအထန် ရခဲ့လို့ တူရင်မြို့က ဆေးရုံတစ်ရုံဆီ ရဟတ်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီ ကေဘယ်လ်ကား မတော်တဆမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် မိသားစုနဲ့ထပ်တူ ၀မ်းနည်းပူဆွေးမိကြောင်း အီတလီ သမ္မတ ဆာဂျီယို မက်တာရယ်လားနဲ့ ဝန်ကြီးချုပ် မာရီယို ဒရက်ဟီတို့က ထုတ်ဖော်ခဲ့ကြသလို အီးယူခေါင်းဆောင်တွေကလည်း ၀မ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

မိနစ် ၂၀ ကြာတဲ့ အဆိုပါ ကေဘယ်လ်ကား စီးနင်းမှု ခရီးစဉ်ကတော့ ခရီးသွားတွေအကြား ရေပန်းစားပြီး ယင်းဟာ စထရီဆာမြို့နဲ့ မီတာ ၁,၅၀၀ အမြင့်ရှိ မွန့်တာရုန်း တောင်ထိပ်တို့ကို ချိတ်ဆက်ထားတာဖြစ်ကာ ကေဘယ်လ်ကားစီးနင်းစဉ်အဲလ်ပ် တောင်တန်းရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတွေကို ကြည့်ရှုခံစားနိုင်တယ်လို့ သိရပါတယ်။

လူ ၁၅ ဦး လိုက်ပါစီးနင်းခဲ့တဲ့ ကေဘယ်လ်ကားဟာ တောင်ထိပ်ကနေ မီတာ ၁၀၀ အကွာလောက် ရောက်ချိန် အောက်ကို ပျက်ကျသွားခဲ့တာဖြစ်ကြောင်း အီတလီ အခြေခံအဆောက်အအုံ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီ မတော်တဆမှုဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမယ်လို့ အခြေခံအဆောက်အအုံ၀န်ကြီး အန်ရီကို ဂျီအိုဗန်နီနီက ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly