ဂါဇာမှာ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေချိန် ‘နိုင်ငံရေး လမ်းစဉ်’ အတွက် ကုလသမဂ္ဂ တိုက်တွန်း 

ဂါဇာမှာ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေချိန် ‘နိုင်ငံရေး လမ်းစဉ်’ အတွက် ကုလသမဂ္ဂ တိုက်တွန်း 
Photo - AFP

မေ ၂၄

ပါလက်စတိုင်းနယ်မြေစုမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတဲ့ အစ္စရေးနဲ့ အစ္စလာမ္မစ် ဟားမတ်ဇ်အုပ်စုကြား စစ်ရေးထိပ်တိုက်တွေ့မှုအပြီးမှာ နောက်ထပ် သွေးချောင်းစီး တိုက်ပွဲတွေကို ရှောင်လွှဲနိုင်ဖို့ ‘စစ်မှန်တဲ့ နိုင်ငံရေး လမ်းစဉ်’ ဖော်ဆောင်ရေးကို စစ်ဒဏ်သင့် ဂါဇာမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့မှာ တိုက်တွန်းပါတယ်။ 

၁၁ ကြာ အပြန်အလှန် ဗုံးကြဲတိုက်ခိုက်မှုတွေကို အီဂျစ် ဖြန်ဖြေမှုနဲ့ အပစ်ရပ်ပြီးနောက်မှာ ဂါဇာက အပျက်အစီးတွေကို အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေက ရှင်းလင်းနေကြသလို ဒေသခံတွေဟာလည်း သူတို့ရဲ့ ပျက်စီးသွားတဲ့ အိမ်တွေနဲ့ ဆိုင်တွေကို ကြည့်ရှုစစ်ဆေးနေကြချိန် ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတစ်ဦး ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 

မေ ၁၀ ရက်ကစလို့ ဂါဇာကမ်းမြောင်းကို အစ္စရေးရဲ့ လေကြောင်းထိုးစစ်တွေမှာ ပါလက်စတိုင်း ၂၀၀ ကျော်ထက်မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ အိမ်ခြေရာခြေမဲ့ဖြစ်ခဲ့ရပါတယ်။ အဆောက်အအုံတွေလည်း ပြိုကျပျက်စီးပြီး ပိတ်ဆို့ခံ ဂါဇာကမ်းမြောင်က အဓိက ရေနဲ့ လျှပ်စစ် အခြေခံအဆောက်အအုံတွေလည်း ပျက်စီးခဲ့ရပါတယ်။ 

ဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာဆိုရင် ၂၀၀၈ ခုနှစ်က စစ်ပွဲသုံးပွဲအပြီးမှာ လူ နှစ်သန်းနီးပါး နေထိုင်ရာ မြေထဲပင်လယ် ကမ်းရိုးတန်းကမ်းမြောင်ဒေသကို နောက်ဆုံး ဗုံးကြဲတိုက်ခိုက်မှုတွေပဲ ဖြစ်ပါတယ်။ 

‘မတူညီတဲ့ နိုင်ငံရေး အခင်းအကျင်းတစ်ရပ်’ ကို ဖော်ဆောင်နေရင်းကနေ ပြန်လည်ထူထောင်ရေးတွေကို လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည် အေဂျင်စီ UNRWA ရဲ့ အကြီးအကဲ ဖိလစ်လာဇာရီနီက ပြောပါတယ်။ 

“လူသားရင်းမြစ် ဖွံ့ဖြိုးရေးအတွက် စစ်မှန်ပြီး ရိုးသားတဲ့ ဦးတည်ချက် ထားရှိဖို့ ကျွန်တော်တို့ လိုအပ်တယ်၊ ပညာရေး၊ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်းတွေ ဖော်ဆောင်ပေးနိုင်ဖို့ လိုအပ်တယ်၊ ဒါပေမယ့် ဒီ လိုအပ်ချက်တွေဟာ စစ်မှန်တဲ့ နိုင်ငံရေးလမ်းစဉ်နဲ့အတူ တစ်ပါတည်း ရှိရမှာ ဖြစ်တယ်”လို့ သူက ပြောပါတယ်။ 

ဂျာနယ်လစ်တွေကို အစောပိုင်းက လာဇာရီနီက ပြောရာမှာ “ဂါဇာက အကျပ်အတည်းအလွှာအထပ်ဟာ ထူထဲနေဆဲပဲ ဖြစ်တယ်၊ ဘာကြောင့်လည်းဆိုတော့ ပြဿနာရင်းမြစ်ကို ကိုင်တွယ်မဖြေရှင်းနိုင်သေးလို့ပဲ”ဆိုပြီး ပြောပါတယ်။ 

ဂါဇာပြန်လည်ထူထောင်ရေးအတွက် ကူညီမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သောကြာနေ့မှာ ကတိပေးပြောရင်း ပဋိပက္ခရဲ့ ‘တစ်ခုတည်းသော အဖြေ’ က အစ္စရေးနဲ့အတူယှဉ်တွဲ ရှိမယ့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

“နှစ်နိုင်ငံဆိုတဲ့ ဖြေရှင်းနည်းပဲ ကျွန်တော်တို့ လိုအပ်နေဆဲ ဖြစ်တယ်”လို့ သူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly