လေယာဉ် လမ်းကြောင်းပြောင်း ဆင်းသက်စေပြီး အတိုက်အခံကို ဖမ်းတဲ့ ဘီလာရုစ်နိုင်ငံကို အီးယူ အမျက်ထွက် 

လေယာဉ် လမ်းကြောင်းပြောင်း ဆင်းသက်စေပြီး အတိုက်အခံကို ဖမ်းတဲ့ ဘီလာရုစ်နိုင်ငံကို အီးယူ အမျက်ထွက် 
Photo - AFP

မေ ၂၄

ဘီလာရုစ်နိုင်ငံဟာ အလိုရှိ အတိုက်အခံ တက်ကြွလှုပ်ရှားသူတစ်ဦး လိုက်ပါတဲ့ လစ်သူယေးနီးယားဆီ ပျံသန်းတဲ့ Ryanair လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်ကို တနင်္ဂနွေနေ့က မင့်စ်မြို့မှာ အတင်းအကျပ် ဆင်းသက်စေခဲ့ပါတယ်။ 

အဲဒီ လုပ်ရပ်အတွက် အီးယူခေါင်းဆောင်တွေဟာ အမျက်ဒေါသထွက် တုံ့ပြန်ကြပြီး ဒါဟာ ‘ပြန်ပေးဆွဲမှု’ နဲ့ ‘နိုင်ငံတော် အကြမ်းဖက်လုပ်ရပ်’ ဖြစ်တယ်လို့ ဒေါသတကြီး ပြောဆိုကြပါတယ်။ 

အေသင်ကနေ ဗွီနီးယက်စ်မြို့ဆီ ပျံသန်းတဲ့ FR4978 လေယာဉ်ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် လမ်းကြောင်းပြောင်း ဆင်းသက်စေပြီး အဲဒီ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ပိုလန်မှာ ပြည်ပြေးနေထိုင်နေသူ အတိုက်အခံ ဘလော့ဂ်ဂါ အသက် ၂၆ ရှိ Roman Protasevich ကို မြို့တော် ဗွီနီးယက်စ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘီလာရုစ်နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။ 

လေယာဉ်က ဘီလာရုစ်ဆီ လမ်းကြောင်းပြောင်း မောင်းနှင်ချိန်မှာ ဘလော့ဂ်ဂါ Protasevich ဟာ အတော်လေး ကြောက်ရွံ့တုန်လှုပ်နေပုံရတယ်လို့ ခရီးသည်အချို့က ပြောပါတယ်။ 

“သူဟာ လူတွေဖက်လှည့်ပြီး သူ သေဒဏ်အပြစ်ပေးတာ ခံထားရတာဖြစ်တယ်လို့ ပြောတယ်”ဆိုပြီး လစ်သူယေးနီးယားနိုင်ငံသား အသက် ၄၀ အရွယ် Monika Simkiene က အေအက်ဖ်ပီကို ပြောပါတယ်။ 

အသက် ၃၇ နှစ်အရွယ် Edvinas Dimsa ကလည်း “သူက ကြောက်လန့်အော်ဟစ်နေတာတော့ မရှိဘူး၊ ဒါပေမယ့် အတော်လေးကို ထိတ်လန့်နေတာကတော့ ကျိန်းသေပဲ၊ ပြတင်းပေါက် ဖွင့်လို့ရရင် ခုန်ထွက်ပြီး ပြေးမယ့်ပုံတောင် ရှိတယ်”လို့ ဆိုပါတယ်။ 

အတိုက်အခံ ဆန္ဒပြသူတွေကို သမ္မတ အလက်ဇန္ဒြား လူကာရှန်ကို အစိုးရရဲ့ ဖြိုခွင်းမှုတွေကြောင့် ချမှတ်ထားတဲ့ ရှိဆဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုပြီး တင်းကြပ်ရေးအတွက် ဥရောပသမဂ္ဂဟာ တနင်္လာနေ့ ထိပ်သီးအစည်းအဝေးတစ်ရပ်မှာ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ 

“ဘီလာရုစ်အစိုးရရဲ့ တရားလွန်ပြီး ဥပဒေမဲ့တဲ့ ဒီ လုပ်ရပ်အတွက် အကျိုးဆက်တွေ ခံစားရမှာပါ”လို့ အီးယူ အကြီးအကဲ Ursula von der Leyen က တွစ်တာမှာ ရေးသားပါတယ်။ “အခုလို လေယာဉ်ကို ပြန်ပေးဆွဲတဲ့ အပြုအမူအတွက် တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့ရမယ်၊ ဂျာနယ်လစ်တစ်ဦးလည်း ဖြစ်တဲ့ Protasevich ကို ချက်ချင်း ပြန်လွှတ်ပေးရမယ်”လို့ သူက ပြောပါတယ်။ 

ပိုလန်ဝန်ကြီးချုပ် Mateusz orawiecki က ဘီလာရုစ်ရဲ့ လုပ်ရပ်ဟာ ‘နိုင်ငံတော် အကြမ်းဖက်မှု လုပ်ရပ်’ ဖြစ်တယ်လို့ ရှုတ်ချပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Y ves Le Drian က အီးယူအနေနဲ့ ပြင်းပြင်းထန်ထန် တစ်သားတည်း တုံ့ပြန်သွားဖို့ တောင်းဆိုပါတယ်။ 

လစ်သူယေးနီးယားနဲ့ လတ်ဗီးယားနိုင်ငံတို့ကလည်း ဘီလာရုစ်ရဲ့ ဝေဟင်ကို နိုင်ငံတကာလေယာဉ်တွေ အသုံးမပြုကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly