မြန်မာနိုင်ငံမှ ပြည်သူ ၁၅၀၀၀ ကျော် အိန္ဒိယနယ်စပ်ပြည်နယ်အတွင်းသို့ ခိုလှုံဝင်ရောက်

မြန်မာနိုင်ငံမှ ပြည်သူ ၁၅၀၀၀ ကျော် အိန္ဒိယနယ်စပ်ပြည်နယ်အတွင်းသို့ ခိုလှုံဝင်ရောက်

နယူးဒေလီ

အိန္ဒိယနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံဖက်မှ ခိုလှုံဝင်ရောက်လာသူအရေအတွက်သည် ၁၅၀၀၀ ကျော်ရှိသွားပြီဖြစ်ကာ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့်တိုက်ခိုက်မှုများ နေရာအချို့တွင် ဖြစ်ပေါ်နေသောကြောင့် ခိုလှုံသူအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း အိန္ဒိယအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံနှင့် ဝင်ထွက်သွားလာနိုင်သည့် လမ်းကြောင်းများ၊ တောင်တန်းနယ်နမိတ်ချင်းထိစပ်နေသည့် အိန္ဒိယအရှေ့မြောက်ပိုင်းမှ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်ပြည်သူများ ဖေဖော်ဝါရီနှောင်းပိုင်းမှစတင် ဝင်ရောက်လာခဲ့ရာတွင် စစ်အုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ကို မနာခံလိုသည့် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ခဲ့သည်။

ဧပြီလမတိုင်မီတွင် လွှတ်တော်ကိုယ်စားလှယ်အများအပြားအပါအဝင် မြန်မာနိုင်ငံမှ ပြည်သူ ၁၈၀၀ ခန့်သည် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီးနောက် ယခုအခါ အရေအတွက် ၁၅၄၀၀ ကျော် ရှိသွားပြီဟု မီဇိုရမ်ပြည်နယ် စီမံခန့်ခွဲရေးအဖွဲ့၏ ဒုတိယဥက္ကဌ အိတ်ချ် ရမ်မာဝီက ပြောကြားသည်။

ဝင်ရောက်သူ အရေအတွက် တစ်နေ့ထက်တစ်နေ့ ပိုများလာကြောင်းနှင့် မြန်မာနိုင်ငံမှ လာသူအများအပြားသည် ၎င်းတို့ဆွေမျိုးများအိမ်သို့ သွားကြသောကြောင့် အရေအတွက်အတိအကျသိရှိရန် ခက်ခဲကြောင်းလည်း ၎င်းကပြောသည်။

မီဇိုရမ်နှင့် မြန်မာနိုင်ငံဒေသအချို့မှ ပြည်သူများအကြား နီးကပ်သည့် ဆက်ဆံရေးရှိသလို ဆွေမျိုးနီးစပ်များလည်း တော်စပ်သောကြောင့် အပြန်အလှန် သွားလာမှုများလည်း ရှိသည်။

မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇော်တွင် မြန်မာ ၆၀၀၀ ခန့်ရှိပြီး အခြားခရိုင် ၅ ခုတွင်လည်း နေထိုင်သူများရှိကြကြောင်း ရမ်မာဝီက ပြောသည်။ဒေသခံများနှင့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများက ထွက်ပြေးခိုလှုံလာသူများကို ကျွေးမွေးစောင့်ရှောက်ထားသော်လည်း ပြည်နယ်အစိုးရအနေဖြင့် ဖက်ဒရယ် အာဏာပိုင်များထံမှ အကူအညီတောင်းခံထားသည်။

“ဆေးဝါးနဲ့ သူတို့ အစားအစာအတွက် ပိုပြီးအရေးကြီးပါတယ်။ ရောက်လာတဲ့သူအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာလည်း တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ချင်းပြည်နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသောကြောင့် ကပ်လျှက်ရှိသည့် မီဇိုရမ်တွင် ဒုက္ခသည်အရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း လည်း ရမ်မာဝီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly