လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ နိုင်ဂျီးရီးယားကြည်းတပ်ဦးစီးချုပ်ရဲ့ စျာပနပွဲ ပြုလုပ်

လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ နိုင်ဂျီးရီးယားကြည်းတပ်ဦးစီးချုပ်ရဲ့ စျာပနပွဲ ပြုလုပ်
Photo - AFP

မေ ၂၃

နိုင်ဂျီးရီးယားနိုင်ငံမှာ လေယာဉ်ပျက်ကျပြီး သေဆုံးခဲ့တဲ့ ကြည်းတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အီဘရာဟင် အက်တာဟီရူရဲ့ စျာပနအခမ်းအနားကို မေလ ၂၂ ရက်က မြို့တော် အဘူဂျာမှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ဂျီးရီးယား ကြည်းတပ်ဦးစီးချုပ် အီဘရာဟင်နဲ့ အခြား စစ်ဘက်အရာရှိ ၁၀ ဦးတို့ဟာ ၎င်းတို့ စီးနင်းလိုက်ပါလာခဲ့တဲ့ လေယာဉ် ရာသီဥတု ဆိုး၀ါးမှုကြောင့် ပျက်ကျခဲ့ပြီးနောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ထိုလေယာဉ်ပျက်ကျမှုကတော့ ယင်းနိုင်ငံမှာ ယခုနှစ်အတွင်း တတိယမြောက် စစ်ဘက်ဆိုင်ရာ လေကြောင်း မတော်တဆမှုလည်း ဖြစ်ပါတယ်။

ကွယ်လွန်သွားခဲ့တဲ့ အီဘရာဟင်ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက နိုင်ဂျီးရီးယား ကြည်းတပ်ဦးစီးချုပ်အဖြစ် သမ္မတ မူဟာမက်ဒူ ဘူဟာရီရဲ့ ခန့်အပ်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ တိုးပွားနေတဲ့ အကြမ်းဖက်မှု‌တွေအပြင် ဆယ်စုနှစ်တစ်စုကျော်ကြာ ဂျီဟတ်ဒစ် သောင်းကျန်းမှုတွေကို ပိုမိုကောင်းစွာ တိုက်ခိုက်နှိမ်နင်းနိုင်ဖို့အတွက် စစ်တပ် အကြီးအကဲနေရာတွေကို သမ္မတ ဘူဟာရီက အပြောင်းအလဲတွေ လုပ်ခဲ့စဉ် အီဘရာဟင်ကို ကြည်းတပ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံမြောက်ပိုင်း ပြည်နယ် ကာဒူနာမှာ လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဖြစ်ပြီး နာရီပိုင်းအကြာမှာ သမ္မတ ဘူဟာရီက ၀မ်းနည်းကြောင်း ထုတ်ဖော်ခဲ့ပေမယ့် အီဘရာဟင်ရဲ့ နာရေးအခမ်းအနားကိုတော့ တက်ရောက်လာခြင်း မရှိပါဘူး။ အီဘရာဟင်ရဲ့ စျာပနပွဲမှာ သမ္မတ ဘူဟာရီ တက်ရောက်လာခြင်း မရှိတဲ့အတွက်လည်း ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ဂျီးရီးယားရဲ့ ဘိုကိုဟာရမ် ဂျီဟတ်ဒစ် ခေါင်းဆောင် အဘူဘက်ကာ ရှက်ကောင်းဟာ အိုင်အက်စ်နဲ့ မဟာမိတ်ပြုထားတဲ့ ပြိုင်ဘက်အဖွဲ့တစ်ခုနဲ့ တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ် ဒါမှမဟုတ် သေဆုံးကောင်း သေဆုံးသွားနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ချိန်မှာပဲ အီဘရာဟင် လေယာဥ်ပျက်ကျပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

လေယာဥ်ဟာ ရာသီဥတု အခြေအနေကြောင့် ကာဒူနာ နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်ဖို့ ကြိုးပမ်းခဲ့စဥ်မှာပဲ ပျက်ကျခဲ့တာဖြစ်တယ်လို့ စစ်တပ်က ပြောပါတယ်။

နိုင်ဂျီးရီးယားစစ်တပ်ကတော့ ၂၀၀၉ ခုနှစ်နောက်ပိုင်း နိုင်ငံအရှေ့မြောက်ပိုင်းမှာ အစ္စလမ္မစ် ထကြွသောင်းကျန်းမှုတစ်ရပ်ကို တိုက်ခိုက်နေခဲ့ရပြီး အဆိုပါ ပဋိပက္ခကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူနှစ်သန်းခန့် အိုးအိမ်တွေ စွန့်ခွာထားခဲ့ရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required