နှစ်ယောက် နှစ်မျိုးပြောကြသည်။ စိတ်မကောင်းစရာ ကောင်းသည်။

နှစ်ယောက် နှစ်မျိုးပြောကြသည်။ စိတ်မကောင်းစရာ ကောင်းသည်။

မေ ၂၃

မြန်မာပြည်မှာ နိုင်ငံကူးလက်မှတ်ရုံး ပြန်ဖွင့်ပြီတဲ့။ လာလျှောက်တဲ့လူတွေ မနည်းမနောပဲတဲ့။ ကိုဗစ်ကြောင့် စီးပွါးရေးတွေ ပျက်နေချိန်မှာ စစ်တပ်ကအာဏာကောက်သိမ်းလိုက်တော့ လူတွေလဲ တပူပေါ်နှစ်ပူ ဆင့်ဆို သလို ထွက်ပေါက်ရှာကြမှာပေါ့။ ဘယ်ရောက်ဘယ်ပေါက်လို့ ဘယ်နိုင်ငံသွားလို့ရမလဲဆိုတာက နောက်။ နိုင်ငံကူးလက် မှတ်မရှိရင် ပြည်ပထွက်မရဘူးဆိုတော့ ဖွင့်ပြီဆိုတာနဲ့ လျှောက်ကြတော့တာပဲ။  အာဏာ သိမ်းပြီး  တပတ်၊ တလ လောက်အထိ အသံကျယ်ကျယ်နဲ့ လက်သီးလက်မောင်းတန်းပြီး စစ်အာဏာ ရှင်တော်လှန်ရေးကို ကြွေးကြော်ခဲ့ ကြတဲ့ မိတ်ဆွေတချို့လဲ အခု တော့ နိုင်ငံခြားထွက်ဖို့ ပြင်နေကြပြီ။ ဒါတောင် သူတို့က ပြည်တွင်းမှာ ဒေါ်လာနဲ့ရ တဲ့ လစာကောင်းတဲ့ ဝန်ထမ်းတွေ။ 

ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်သားအစိုးရဆီကနေ သေနတ်အား ကိုးနဲ့ အာဏာလုယူတဲ့ စစ်အ စိုးရလက်ထက်မှာ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ စီးပွါးရေးဆက်လုပ် နေရင် အပြောခံရမှာ စိုးလို့ ရယ်၊ မလွတ်လပ်တဲ့ ဈေးကွက်မှာ မနေချင်တော့တာရယ်၊ ဆက်နေနေရင် အာဏာရှင် အတွက် ဝင်ငွေရှာ ပေး သလို ဖြစ်မှာရယ်ကြောင့် လုပ်ငန်းတွေရပ်တန့်ပြီး ထွက်ခွါကုန်ကြတယ်။ သူတို့ထွက်ခွါကုန်တော့ စစ်အာဏာရှင် ဘယ်လောက်ထိခိုက်သွားလဲတော့ မသိဘူး။ ၊ သူတို့ဆီမှာလုပ်တဲ့ ဝန်ထမ်းတွေလဲ အလုပ် လက်မဲ့တွေ ဖြစ်ကုန် ကြတယ်။ နိုင်ငံခြားကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက မြန်မာပြည်မှာ အခြေအနေ အပြောင်း အလဲဖြစ်ပြီး အရပ် သားအစိုးရပြန်တက်လာတာနဲ့ ပြန်လာကြမှာပါ။ ဒါပေမယ့် အဲသည့်အချိန်က ဘယ်တော့ ရောက်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်၊ မခန့်မှန်းနိုင်ကြဘူး။ ပြီးခဲ့တဲ့ ၂ ပတ်လောက်က မိတ်ဆွေတယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူ အမေရိကား ပြန်ရောက်နေတယ်တဲ့။ စစ်တပ်နဲ့ အရပ်ဖက် အာဏာအကူးအပြောင်း အချိန်လောက်တုန်းက မြန်မာပြည်ပြန်သွားတယ်။ လူကလဲ လူတော်၊ ကြံရည်ဖန် ရည်ကလဲ အတော်ရှိတော့ မြန်မာပြည်မှာ အကြီးဆုံး စီးပွါးရေးလုပ်ငန်းကြီးတွေထဲက တခုမှာ အင်မတန် ကြီးတဲ့ရာထူးနေရာမှာ ဝင်လုပ်နိုင်ခဲ့တယ်။ နိုင်ငံတကာ ကုမ္ပဏီ ကြီးတခုရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်အနေနဲ့လုပ်နေရာကနေ ပြည်တွင်းကုမ္ပဏီတခုကို ပြောင်းလုပ်ခဲ့တာ ဆိုတော့ အင်မတန်ကိုမက် လောက်တဲ့ လစာနဲ့ခံစားခွင့်တွေ ရခဲ့လို့ပေါ့။ သူ့လိုအနေအထားရှိတဲ့လူတယောက် မြန်မာနိုင်ငံက ထွက်ခွါ လာတယ်ဆိုတာ မြန်မာပြည်တွင်း နိုင်ငံရေး၊ စီးပွါးရေး အခြေအနေ ဘယ်လောက်ဆိုးနေသလဲ ဆိုတာပြတဲ့ indicator အညွှန်းတခုပဲ။ 

နိုင်ငံကူးလက်မှတ်ရုံးကို ပြန်ဖွင့်တော့ သွေးနှော၊ သွေးသန့်ဆိုတဲ့ ကောင်တာတွေ ဆက်ရှိနေတုန်းပဲလို့ မိတ်ဆွေ တယောက်က ပြောပြတယ်။ အဲလိုဖြစ်နေတယ်ဆိုတာကို နိုင်ငံခြားမှာ ပြောင်းရွှေ့နေ ထိုင် အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံဖွါးပညာတတ်မွတ်စလင်တယောက်နဲ့ ပြောဖြစ်တော့ သူက တကယ်လို့သာ မြန်မာနိုင်ငံမှာ ဆက်နေနေရ မယ်ဆိုရင်တော့ သူလဲ မျက်စိစုံမှိတ်ပြီး ဗုဒ္ဓဘာသာ ပြောင်းလိုက်မိမယ်လို့ ကျွန်တော့်ကို ပြောတယ်။ ကြားရတာ အတော်စိတ်မကောင်းဘူး။ ဘယ်သူမဆို ကြိုက်ရာဘာသာကို ကြိုက် တဲ့အချိန်မှာ ကြိုက်သလို ပြောင်းလဲကိုး ကွယ်နိုင်ခွင့်ရှိရမယ်ဆိုတာကို လုံး၀လက်ခံတယ်။ ဒါပေမယ့် ဖိအား တွေကြောင့်၊ တိုင်းရေးပြည်ရေးကြောင့် အဲလို လုပ်ရမယ်ဆိုတာကတော့ ကြားရတာအတော် စိတ်မကောင်း စရာပဲ။ ဆိုးလိုက်တဲ့စစ်အာဏာရှင်။ 

ရေးသမျှဆောင်းပါးတွေကို ဒိုင်ခံဖတ်တဲ့ညီငယ်တယောက်က သူ့အတွေ့အကြုံကို ရင်ဖွင့်တယ်။ သိရသ လောက် ဆို သူ့အမေရော၊ အဖေရောက ဗုဒ္ဓဘာသာဝင်တွေ။ သူ့မှတ်ပုံတင်ပေါ်မှာလဲ ရခိုင်ဗုဒ္ဓဘာသာလို့ ရေးထားတယ်။ အဲဆိုတော့ သူလဲ သူနဲ့သက်ဆိုင်ရာလိုင်းမှာ စီတာပေါ့။ နှစ်နာရီလောက်တန်းစီပြီးလို့ သူ့အလှဲ့လဲ ရောက်ရော စစ် ဆေးရေးဝန်ထမ်းက လူနဲ့ ကတ်ပြားနဲ့ တိုက်ကြည့်ပြီး ရုပ်ကကုလားရုပ်နဲ့ ရခိုင်ဗုဒ္ဓဘာသာဖြစ်နေရသလားလို့ မေးတယ်။ မှတ်ပုံတင်ကိုလဲ သေချာမီးထိုးကြည့်တယ်။ ပြီးလဲပြီးရော သွေးနှောလိုင်းမှာ သွားစီခိုင်းတယ်။ ခိုင်း တော့လဲ ဘယ်ငြင်းနိုင်မလဲ။ သွားရတာပေါ့။ အဲလိုင်းမှာ စီရင်းနဲ့ သူ့အလှဲ့ရောက်လာ‌တော့ ဝန်ထမ်းက တံဆိပ်မ နှိပ်ပေးရဲပြန်ဘူး။ အရာရှိစားပွဲကို သွားခိုင်းတယ်။ အရာရှိက ထပ်စစ်၊ ထပ်မေးပြီးတော့ သူ့ကို ပြောတယ်တဲ့။  မင်းကို မှတ်ပုံတင်ထုတ်ပေးတဲ့အရာရှိက အတော်သ ဘောကောင်းတာပဲတဲ့။ သူ့သဘောကတော့ သူသာဆိုရင် ဒီရုပ်မျိုးကို ရခိုင်ဗုဒ္ဓဘာသာဆိုပြီး မှတ်ပုံတင်မှာ မရေးပေးဘူးပေါ့။ ကျွန်တော့်မိတ်ဆွေညီငယ်ကြုံခဲ့ရတဲ့အချိန် က အရပ်သားအစိုးရအုပ်ချုပ်ခဲ့တဲ့အချိန်။ 

အရင် စစ်အာဏာရှင်တွေလက်ထက်ကရှိခဲ့တဲ့ လူမျိုးရေးခွဲခြားရေး အမွေဆိုးကို အရပ်သားအစိုးရက မပြင်နိုင်ခဲ့ တာလား။ ပြင်ဖို့ကို မကြိုးစားခဲ့တာလား။ ဒါမှမဟုတ် အဲလိုအနေအထား ဖြစ်နေတယ်ဆိုတာ တောင် မသိခဲ့တာ လားဆိုတာ ကံယာကံရှင်တွေနဲ့ ရှိသမျှဘုရားမျိုးစုံပဲ ဖြေနိုင်လိမ့်မယ်ထင်တယ်။ ညီငယ်ရဲ့ အဖြစ်အပျက်အရဆိုရင် ကျွန်တော့်မွတ်စလင်သူငယ်ချင် ဗုဒ္ဓဘာသာပြောင်းသွားခဲ့ရင်တောင် ရုပ်ကြည့်ပြီး ဆက်ပြဿနာအရှာခံရမယ့်ပုံရှိတယ်။ 

ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆို တလိုင်းစီ၊ တခြားလူတွေဆို နိုင်ငံသားဖြနေလဲ နောက်တလိုင်းစီဆိုတဲ့ စနစ်မျိုးကို တိုးတက် ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်မယ်ဆိုရင် တနိုင်ငံလုံး ရုန်းရင်းဆန်ခတ်ဆန္ဒတွေ ပြကုန်ပြီး အစိုးရပါ ပြုတ်ကျသွားနိုင်တယ်။ ခံရတဲ့ လူတွေ ဖက်ကနေ မခံရတဲ့လူတွေက ဝိုင်းစာနာပြီး အစိုးရကို ပြစ်တင်ဆန္ဒ ပြကြမယ်။ ကိုယ်တိုင်မခံရလဲ ခံရတဲ့လူတွေ ဖက်က စာနာထောက်ထားတဲ့ လူတွေရှိတဲ့ လူ့အသိုင်းအ၀ိုင်းက တိုးတက်ဖွံ့ဖြိုးချမ်းသာပြီး ငါမခံရတော့ ငါမနာ ဘူး၊ ဒါမှမဟုတ်လဲ ငါတို့တောင် ခံနေရတာ မင်းတို့အခွင့်အ ရေးကို အသာထားစမ်းပါဆိုတဲ့ ပထမတန်းစား နိုင်ငံ သားနဲ့ ဒုတိယတန်းစားနိုင်ငံသားစိတ်ထားတွေရှိတဲ့ နိုင်ငံတွေက အတော်ဆင်းရဲကြတယ်။ 

အခုလို စစ်တပ်ကအာဏာသိမ်းလိုက်ပြီး နည်းမျိုးစုံနဲ့ အနိုင်ကျင့်နေတာကို ခံနေရတဲ့အချိန်က မြန်မာနိုင်ငံ သားတွေကို နိုင်ငံထဲမှာရှိတဲ့လူနည်းစုတွေ၊ တိုင်းရင်းသားတွေအတွက် ကိုယ်ချင်းစာစိတ်မွေးဖို့ သင်ယူခံစား နိုင်တဲ့ အကောင်းဆုံးအချိန်ပဲ။ ဒီအချိန်မှာတောင်မှ ငါတို့တောင် အဆင်မပြေတာ၊ မင်းတို့ကိစ္စအသာထား စမ်းပါဆိုတဲ့ စိတ်ဓါတ်တွေ ဆက်ရှိနေမယ်ဆိုရင်တော့ တော်လှန်ရေးအောင်မြင်ခဲ့ရင်တောင် တိုင်းပြည်တိုး တက်ဖို့ဆိုတာ အတော်ကို ဝေးနေဦးမှာပဲ။ စင်ကာပူကို နှစ်အနည်းငယ်အတွင်းကျော်တက်ဖို့နေနေသာသာ၊ လာအိုနောက်အမျာကြီး ပြတ်မကျန်ခဲ့ဖို့ မနည်းကြိုးစားရလိမ့်မယ်။ 

စင်ကာပူသတင်းစာတွေမှာ ဖတ်လိုက်ရတယ်။ အားကစားလေ့ကျင့်နေလို့ နှာခေါင်းဖုံးကို ခဏအောက်ချ ထားတဲ့ အိန္ဒိယနွယ်ဖွားအမျိုးသမီးတဦးကို ကိုယ်ထိလက်ရောက်သွားလုပ်လိုက်လို့ ပွန်းပဲ့ကုန်တယ်။ စင်ကာပူ အစိုးရကရော၊ လူထုကပါ ဒါကို လက်မခံနိုင်ကြောင်း ထုတ်ပြောတယ်။ လူမျိုးရေးခွဲခြားပြီး အစော်ကားခံရတဲ့ အမျိုးသမီးက စင်ကာပူနိုင်ငံသား။ တကယ်လို့ နိုင်ငံသားမဟုတ်လဲ အဲလိုကျူးလွန် စော်ကားခံရတာမျိုးကို လက်မခံ နိုင်ဘူးလို့ အစိုးရက ထုတ်ပြောတယ်။ စင်ကာပူအစိုးရက အဲလို မဖြစ်ခဲ့ ပါဘူးလို့လဲ မဖုံးကွယ်ဘူး။ ဖြစ်ခဲ့တယ်။ ပြဿနာ ရှိတယ်။ ဒီအတွက် စိတ်မကောင်းဘူး။ ပြတ်ပြတ်သား သားအရေးယူရမယ်လို့ ကြေငြာတယ်။ စင်ကာပူလို တိုးတက်ချင်ရင် စင်ကာပူလို ကိုယ်မခံရလဲ ခံရသူဖက်က စာနာတတ်တဲ့ အတွေးအခေါ်တွေ ရှိဖို့လိုမယ်။

(စာရေးသူသည် အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှ လူမှုဖူလုံရေးဝန်ထမ်းတဦးဖြစ်သည်။ University of California တွင် သတင်းစာပညာကို လေ့လာခဲ့ပြီး University of San Francisco မှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဘာသာရေး၊ လူမျိုးရေး နှင့် နိုင်ငံရေး သုံးပွင့်ဆိုင်ဆက်နွယ်မှုကို အထူးစိတ်ဝင်စားပြီး အာရှတိုက်နှင့် အနောက်နိုင်ငံများ၏ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ ဦးစားပေးမူဝါဒများ affirmative actions ကို စောင့်ကြည့်လေ့လာသူတဦးလည်း ဖြစ်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly