တောင်တရုတ်ပင်လယ်အရေး တရုတ်နှင့် အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရ၀န်ကြီးများ မှတ်ချက်စကား မပြောရန် ဒူတာတေး တားမြစ်

By Sify
22 May 2021
တောင်တရုတ်ပင်လယ်အရေး တရုတ်နှင့် အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရ၀န်ကြီးများ မှတ်ချက်စကား မပြောရန် ဒူတာတေး တားမြစ်

တရုတ်နှင့်အကြား တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရအဖွဲ့၀င်များဘက်မှ အများပြည်သူအကြား ထုတ်ဖော်ပြောဆိုမှုများ မလုပ်ဆောင်ရန် သမ္မတ ရိုဒရီဂို ဒူတာတေးက ပိတ်ပင်တားမြစ်ခဲ့သည်။

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနယ်မြေတွင် တရုတ်ရေယာဉ်အစင်း ၃၀၀ နီးပါး ကျူးကျော်၀င်ရောက်ခြင်း ကိစ္စနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်၏ အဓိကအရေးပါသည့် ၀န်ကြီးများသည် ပေကျင်းနှင့်အကြား စကားစစ်ပွဲတစ်ခုတွင် ပါ၀င်ပတ်သက်နေခဲ့ပြီးနောက် ယခုကဲ့သို့ ဒူတာတေး၏ ညွှန်ကြားချက် ထွက်ရှိလာခြင်း ဖြစ်သည်။

ဒူတာတေးအနေဖြင့် အငြင်းပွားမှု ကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့် ထိပ်တိုက်တွေ့ရန် ၀န်လေးနေခဲ့သော်လည်း ၎င်း၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ၀န်ကြီးတို့သည် အငြင်းပွားရေပြင်ကနေ သင်္ဘောများ ပြန်လည်ဆုတ်ခွာရန် ငြင်းဆန်မှုအတွက် ပေကျင်းအပေါ် ထပ်တလဲလဲ ဝေဖန်ပြောဆိုထားခဲ့ကြောင်း TRT World က ဖော်ပြသည်။

“ဒီ အနောက်ဖိလစ်ပိုင်ပင်လယ် (ကိစ္စ) နဲ့ပတ်သက်ပြီး ဘယ်သူနဲ့မှ ဆွေးနွေးပြောဆိုတာမျိုး မလုပ်ပါနဲ့၊ ဒါကို ရှောင်ကြပါ၊ ဒါက အစိုးရအဖွဲ့ကို ခုချိန်မှာ ကျွန်တော်ပေးတဲ့ ညွှန်ကြားချက် ဖြစ်ပါတယ်” ဟု ဒူတာတေးက ဖိလစ်ပိုင်အရပ်သုံး ပင်လယ်နာမည်ကို သုံးပြီး မေလ ၁၇ ရက် ညနေပိုင်းက အသံဖမ်းထားသည့် မိန့်ခွန်းတစ်ခုတွင် ပြောသည်။

“တကယ်လို့ ကျွန်တော်တို့ ပြောဆိုရမယ်ဆိုရင် ဒါကို ကျွန်တော်တို့အကြားမှာပဲ ပြောရမှာဖြစ်တယ်” ဟု ဒူတာတေးက အစိုးရအဖွဲ့၀င် ၀န်ကြီးအချို့ကို ပြောခဲ့သည်။ ထိုထဲတွင် တရုတ် ရေယာဥ်များ ရှိနေမှုကို “ကျူးကျော်၀င်ရောက်မှု” တစ်ခုအဖြစ် ယခင်ကာလအတွင်း ထုတ်ဖော်ခဲ့သည့် ဖိလစ်ပိုင် ကာကွယ်ရေး၀န်ကြီး ဒယ်လ်ဖင် လော်ရန်ဇာနာလည်း ပါ၀င်သည်။

တရုတ် ကမ်းခြေစောင့်တပ်သည် နောက်ယောင်ခံလိုက်ခြင်း၊ ပိတ်ဆို့ခြင်း၊ အန္တရာယ်ရှိသော လှုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်ခြင်း၊ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဥ်များကို ရေဒီယိုကနေ စိန်ခေါ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးဌာနက စွပ်စွဲထားခဲ့သည်။

အငြင်းပွားမှုများကို အရှိန်မြင့်စေနိုင်သဖြင့် တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင် EEZ (ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်) တွင် ပင်လယ်ပြင်လေ့ကျင့်မှုများ လုပ်ဆောင်ခြင်းကို ရပ်ဆိုင်းရေး တရုတ်ဘက်မှ

တောင်းဆိုမှုကို တုံ့ပြန်သောအားဖြင့် ဖိလစ်ပိုင်နိုင်ငံခြားရေး၀န်ကြီးဌာနက အဆိုပါ EEZ တွင် လေ့ကျင့်မှုများကို ဆက်လုပ်သွားမည်ဟု ပြောဆိုခဲ့ကြောင်း CNN က ဖော်ပြသည်။

ယခုလအစောပိုင်းကလည်း ဖိလစ်ပိုင် နိုင်ငံခြား‌ရေး၀န်ကြီး တီယိုဒိုရို လော့ဆင်သည် တရုတ်ကို မကြား၀ံ့မနာသာ စကားပါ သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့သည့်လကတည်းက ဆိုက်ကပ်ထားခဲ့သည့် တရုတ်ရေယာဥ် ၂၀၀ ကျော် အငြင်းပွားရေပြင်ကနေ ပြန်လည်ထွက်ခွာရေးအတွက် တောင်းဆိုခဲ့သည်။

တရုတ်၏ “ပင်လယ်ပြင် အင်အားစုတပ်ဖွဲ့” ရေယာဥ်များသည် တောင်တရုတ်ပင်လယ်ရှိ မနီလာ၏ ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန် (EEZ) ကနေ သင်္ဘောများ ဆုတ်ခွာရန် ထပ်တလဲလဲ ငြင်းဆန်ထားခဲ့ချိန် ထိုကဲ့သို့ တဲ့တိုးကျသည့် သတိပေးချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

Whitsun ကျောက်တန်းတွင် တရုတ် ပင်လယ်ပြင်တပ်ဖွဲ့က တာ၀န်ယူထားသည်ဟု သံသယရှိသည့် ငါးဖမ်းရေယာဥ်များ ရှိနေမှုနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်၏ နိုင်ငံခြားရေးနှင့် ကာကွယ်ရေး၀န်ကြီးဌာနတို့သည် သီတင်းနှစ်ပတ်ကြာ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်ထားခဲ့ကြသည်။ ဖိလစ်ပိုင်၏ အထူးသီးသန့်စီးပွားရေးဇုန်ထဲ ကျူးကျော်၀င်‌ရောက်သည်ဟု ဆိုသော လုပ်ရပ်များနှင့်ပတ်သက်ပြီး ၎င်းတို့၏ ထုတ်ပြန်ချက်များမှာ တုံ့ပြန်လူးလာ ထွက်ပေါ်ခဲ့သည်။

တရုတ်ဘက်က ကန့်ကွက်မှုတစ်ခု လုပ်ခဲ့ပြီးနောက် လော့ဆင်က ၎င်း၏ မှတ်ချက်စကားအတွက် တောင်းပန်ခဲ့သည်။ ဖိလစ်ပိုင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားရာတွင် လော့ဆင်၏ ထုတ်ပြန်ချက်သည် အစိုးရ၏ တရား၀င်သဘောထားရပ်တည်ချက်ကို ကိုယ်စားမပြုကြောင်း ပြောခဲ့သလို ၎င်း၏ တောင်းပန်မှုသည် အစိုးရက ညွှန်ကြားချက် မဟုတ်ကြောင်း ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် လော့ဆင်ကလည်း ၎င်း၏ တောင်းပန်မှုသည် တရုတ် နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီကိုသာ လိပ်မူရည်ညွှန်းသည်ဟု ၎င်း၏ ကိုယ်ပိုင်တွစ်တာအကောင့်ကနေ ရှင်းလင်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly