တရုတ်စစ်တပ်က လာဒက်ရှ်နှင့် မျက်နှာချင်းဆိုင် ဧရိယာများတွင် စစ်ရေးလေ့ကျင့်နေစဉ် အိန္ဒိယတပ်များက အနီးကပ် စောင့်ကြည့်နေ

By Economic Times
22 May 2021
တရုတ်စစ်တပ်က လာဒက်ရှ်နှင့် မျက်နှာချင်းဆိုင် ဧရိယာများတွင် စစ်ရေးလေ့ကျင့်နေစဉ် အိန္ဒိယတပ်များက အနီးကပ် စောင့်ကြည့်နေ

တရုတ်စစ်တပ်သည် မြောက်ဘက်ရှေ့တန်းနေရာတွင် ရန်လိုမှုကို ပြသခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် ယင်း၏ ပြည်သူ့လွတ်‌မြောက်ရေးစစ်တပ် (PLA) သည် အရှေ့ဘက် လာဒက်ရှ် နယ်မြေအနီး ၎င်းတို့၏ အတွင်းကျသည့် ဧရိယာများတွင် စစ်ရေးလေ့ကျင့်မှုတစ်ခုကို လုပ်ဆောင်လျက် ရှိသည်။

တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ကပ်ရောဂါ ရှိနေသော်လည်း အိန္ဒိယစစ်တပ်သည် ယခုနှစ်အတွင်း အပြည့်အ၀ သတိဝီရိယဖြင့် အသင့်အနေအထားတွင် ရှိနေကာ တရုတ်စစ်တပ်၏ အဆိုပါ လှုပ်ရှားမှုအားလုံးကို နီးနီးကပ်ကပ် စောင့်ကြည့်လျက် ရှိသည်။

“တရုတ်တွေဟာ နှစ်များစွာကြာကတည်းက ဒီဧရိယာတွေကို လာပြီး နွေရာသီအချိန်မှာ သူတို့ရဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ပါတယ်၊ မနှစ်တုန်းကလည်း သူတို့ စစ်ရေးလေ့ကျင့်မှုတွေလုပ်မယ့်ပုံစံနဲ့ ဒီဧရိယာတွေကို လာခဲ့ပြီး ဒီနေရာကနေ လာဒက်ရှ် အရှေ့ပိုင်းဆီ ရန်လိုစွာနဲ့ လမ်းကြောင်းပြောင်းထားခဲ့ပါတယ်” ဟု သတင်းရင်းမြစ်များက ANI ကို ပြောသည်။

တရုတ် တပ်ဖွဲ့၀င်များသည် ၎င်းတို့၏ အစဉ်အလာ ဧရိယာများအတွင်း ကောင်းစွာရှိနေပြီး အကွာအဝေးများမှာ တစ်ချို့နေရာများတွင် ကီလိုမီတာ ၁၀၀ နှင့် ယင်းနှင့်အထက် အထိ ရှိနေကြောင်း ၎င်းတို့က ပြောသည်။

Pangong ရေကန်ဧရိယာကနေ နှစ်ဘက်စလုံးက တပ်ဖွဲ့၀င်များကို ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ရေပူစမ်းများနှင့် ဂိုဂရာ အမြင့်ပိုင်းနေရာအပါအ၀င် ရှိရင်းစွဲ ပွတ်တိုက်နိုင်သည့် နေရာများနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နှစ်ဘက်အကြား ဆွေး‌နွေးဆဲ ရှိနေချိန် တိုးတက်ဖြစ်ပေါ်မှုက အရေးကြီးကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အိန္ဒိယဘက်ခြမ်းကလည်း လာဒက်ရှ်အရှေ့ပိုင်းနှင့် အခြားနယ်မြေများရှိ ရှေ့တန်း တည်နေရာများတွင် နွေရာသီကာလ တပ်ဖွဲ့၀င်များ တပ်ဖြန့်မှုကို လုပ်ဆောင်ထားခဲ့သည်။

ရှေ့တန်းနေရာတွင် တပ်ဖြန့်ထားသည့် တပ်ဖွဲ့များမှ အဆင့်မြင့်အရာရှိများသည် မကြားသေးခင်ကာလအတွင်း ရှေ့တန်းဧရိယာများ၏ လုံခြုံရေး အခြေအနေနှင့် ပတ်သက်ပြီး သုံးသပ်ကြည့်ရှုမှု လုပ်ဆောင်ထားခဲ့ပြီး

ထိုနေရာများရှိ အခြေအနေနှင့် ပတ်သက်ပြီး အနီးကပ် စောင့်ကြည့်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

လာဒက်ရှ်ဒေသတွင် အိန္ဒိယဘက်ခြမ်းက တပ်ဖြန့်ထားသည့် တပ်ဖွဲ့များထဲတွင် အင်ဒို တိဘတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၊ အိန္ဒိယ လေတပ် နှင့် နယ်မြေ၏ ရှေ့တန်းနေရာအများစုတွင် လက်ရှိအချိန်တွင် ရှိနေသည့် အိန္ဒိယစစ်တပ်တို့ ပါ၀င်နေသည်။

အစဥ်အလာ စစ်ရေးလေ့ကျင့်ရာ ဧရိယာများကနေ လမ်းကြောင်းပြောင်းလဲခဲ့ပြီးနောက် တရုတ်တို့ အရှေ့ဘက်ခြမ်း ရှေ့တန်းနေရာသို့ ရောက်လာခဲ့ရာတွင် ထိုနောက်ပိုင်းမှစ၍ နှစ်ဘက်စလုံးသည် စစ်ဘက်ဆိုင်ရာ လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ်တွင် ပါ၀င်ပတ်သက်ထားခဲ့ကြသည်။

တရုတ်တို့ ၎င်းတို့၏ မူလတည်နေရာများသို့ ပြန်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ရသော်လည်း ၎င်းတို့သည် ထိုနောက်ပိုင်းမှစ၍ ရှေ့တန်း တည်နေရာများတွင် ဆက်ရှိနေခဲ့သည်။

ထို့ပြင် တရုတ်သည် ယင်း၏ နယ်နမိတ်ထဲတွင် ဘန်ကာများ တည်ဆောက်ခြင်းကို လုပ်ဆောင်ထားခဲ့သလို ၎င်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံများကို အခိုင်အမာ ပြုပြင်ရန် လုပ်ဆောင်ထားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အိန္ဒိယသည်လည်း ယင်း၏ တည်နေရာများကို အခိုင်အမာပြုပြင်ထားခဲ့ပြီး ယင်း၏ တပ်ဖွဲ့၀င်များကို ဝေးကွာသည့် ထိုဧရိယာအတွက် ပြင်ဆင်ထားခဲ့သည်။ တပ်ဖွဲ့များ ထပ်တိုးတပ်ဖြန့်ခြင်းနှင့် အလှည့်ကျ တာ၀န်ထမ်းစေခြင်းတို့ကိုလည်း ဆက်လုပ်ထားခဲ့သည်။ အိန္ဒိယနှင့် တရုတ် နှစ်ဘက်စစ်တပ်များသည် ယမန်နှစ် နောက်ပိုင်း နယ်စပ်တွင် တပ်ဖြန့်ထားသည့် တပ်ဖွဲ့၀င်အင်အား အများအပြား ရှိနေခဲ့သည်။

Mathura မြို့အခြေစိုက် One Strike Corps တပ်ဖွဲ့ ဖွဲ့စည်းမှုများကို မြောက်ပိုင်းနယ်စပ်များဆီသို့ ပြန်လည်ဇောင်းပေးထားခဲ့သလို ယင်း၏ သံချပ်ကာတပ်ဖွဲ့ ဖွဲ့စည်းမှုများအနက် တစ်ခုလည်း ယင်းနှင့်အတူ ဆက်ရှိမည်ဖြစ်သည်။ ဗဟို နယ်မြေနှင့် အရှေ့မြောက်ပိုင်း နယ်စပ်များတွင် ဖွဲ့စည်းတည်ဆောက်မှုများနှင့် တပ်ဖွဲ့၀င်များ တပ်ဖြန့်မှုများကို အားကောင်းအောင် လုပ်ဆောင်ထားခဲ့သည်။

Pangong Tso ရေကန်၏ တောင်ဘက်ကမ်းပါးတစ်လျှောက် အိန္ဒိယ၏ နည်းဗျူဟာဆိုင်ရာ လုပ်ဆောင်မှုများကြောင့် အိန္ဒိယစစ်တပ်သည် Finger ဧရိယာကနေ တပ်ခွာမှုကို လုပ်ဆောင်နိုင်ခဲ့ပြီး နှစ်ဘက်စလုံးသည် ဧရိယာတွင်းရှိ အခြားသော ပွတ်တိုက်နိုင်သည့် နေရာများမှ ပဋိပက္ခအရှိန် လျှော့ချရေးနှင့် နောက်ထပ်တပ်ခွာမှုများ လုပ်ဆောင်ရေးအတွက် ဆက်လက်ဆွေးနွေးနေသည်။

ဂိုဂရာ၊ ရေပူစမ်းများနှင့် ဒက်ပ်ဆန်း မြေပြန့်လွင်ပြင် ဧရိယာကနေ တရုတ်စစ်တပ် တပ်ခွာရေးအတွက် အိန္ဒိယဘက်က တောင်းဆိုနေသည်။ တရုတ်သည် Hotan ၊ Ngari Gunsa နှင့် Kashgar တွင် လိပ်ခဲတည်းလည်း အခြေအနေ စဖြစ်ပြီးနောက်ပိုင်း ကီလိုမီတာ ၂၀၀ ကျော်အထိရှိသည့် ပစ်မှတ်များကို ထိမှန်နိုင်သည့် HQ-9 အပါအ၀င် တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေး အမြှောက်တပ်စုများ ရှိနေမှုကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

အိန္ဒိယကလည်း တရုတ်၏ ရပ်တည်လှုပ်ရှားမှုအပေါ် ကြည့်ရှုပြီး ယင်း၏ စောင့်ကြပ်ကြည့်ရှုမှုကို အသေအချာ ဆက်ရှိထားစေခဲ့သည်။ ထို့ပြင် ရာဖေး တိုက်လေယာဥ်များကဲ့သို့ ရှေ့တန်းစစ်မျက်နှာ လေယာဥ်များကို မကြာခဏ တပ်ဖြန့်ခြင်းနှင့်အတူ ထိုဧရိယာများတွင် စစ်သည်တပ်ဖွဲ့၀င် အများအပြားကို ဆက်လက်ထားရှိထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly