တရုတ်လုပ် ဒရုန်းများကို အသုံးပြုနေသည့် အာဏာသိမ်းစစ်တပ်

တရုတ်လုပ် ဒရုန်းများကို အသုံးပြုနေသည့် အာဏာသိမ်းစစ်တပ်

မြန်မာစစ်တပ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦး‌ဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရသည့် အစိုးရကို ဖြုတ်ချပြီး ဖေဖေါ်၀ါရီ ၁ ရက်တွင် မတရား အာဏာသိမ်းယူထားခဲ့သည်။ အာဏာသိမ်းမှုကြောင့် နိုင်ငံတ၀န်း ဆန္ဒပြပွဲများကို ဖြစ်ပေါ်စေခဲ့သလို ဆန္ဒပြမှုများကို ထိန်းချုပ်ဟန့်တားရန် လုပ်ဆောင်ခဲ့သည့် တန်ပြန်ဖြိုခွင်းနှိမ်နင်းမှုများကြောင့် အရပ်သား ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး လူထောင်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ဖြစ်ပေါ်နေသည့် မြေပြင်အခြေအနေကို စောင့်ကြည့်ထောက်လှမ်းရန်အတွက် အာဏာသိမ်းစစ်တပ်သည် တရုတ်နိုင်ငံထုတ် UAV (လေတွင် ပျံဝဲနိုင်သည့် လူမပါသော ယာဉ်) များဖြင့် ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်းနှင့် ကင်းထောက်ခြင်း (ISR) ဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများကို ဖြန့်ကျက်အသုံးချထားကောင်းထားနိုင်သည်ကို ဂြိုဟ်တု ရုပ်ပုံများက ညွှန်ပြနေသည်။

ဆန္ဒပြပွဲများအတွင်း UAV များကို တွေ့မြင်ကြောင်း ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြမှုများ ရှိခဲ့သလို ဧပြီ ၈ ရက်တွင် Janes က ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင်လည်း ဇန်န၀ါရီ ၃၁ ရက်က ရှမ်းတဲ (Shante) လေတပ်စခန်းတွင် Caihong 3A (CH-3A) UAVs အနည်းဆုံး နှစ်စင်း ရှိနေကြောင်းကို အတည်ပြုခဲ့သည်။ အဆိုပါ ရှမ်းတဲလေတပ်စခန်းသည် မြန်မာ့လေတပ်၏ အလယ်ပိုင်းနယ်မြေစစ်ဆင်ရေးဗဟိုဌာနချုပ်အဖြစ် ရှိနေသလို CH-3A အပါအ၀င် လေယာဥ်အုပ်တစ်ချို့ကို ထားရှိထားသည်။ ယင်းသည် ဆန္ဒပြမှုများ ဖြစ်ရာ အဓိကဗဟိုချက်နှစ်နေရာဖြစ်ပြီး CH-3A ၏ အလှမ်းမီသော အကွာအဝေးအပိုင်းအခြားအတွင်းရှိသည့် မန္တလေးနှင့် စစ်ကိုင်းမှ မိုင်ရာချီခန့်သာ ကွာဝေးသည့် နေရာတွင် တည်ရှိသည်။ ဖေဖေါ်၀ါရီ ၁၀ ရက်မှ ဂြိုဟ်တုပုံရိပ်များအရ ရှမ်းတဲစခန်းတွင် CH-3A တစ်စင်း ရှိနေသည်ကို ပြသနေသည်။

ဆန္ဒပြပွဲများကို စောင့်ကြည့်ရန် အဆိုပါ CH-3A ဒရုန်းများကို အမှန်တကယ် အသုံးပြုခဲ့သလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း ထိုဒရုန်း၏ ISR လုပ်ဆောင်နိုင်စွမ်းများက အာဏာသိမ်းစစ်တပ်အတွက် အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး မြေပြင်အခြေအနေအပေါ် ကောင်းစွာသိရှိနိုင်စွမ်းကို တိုးမြှင့်နိုင်မည့် အသင့်သုံးနည်းလမ်းတစ်ခုကို ထောက်ပံ့ပေးသည်။

အာဏာသိမ်းစစ်တပ်ဘက်မှ UAV များ အသုံးပြုမှုအပေါ် ကာလကြာကတည်းက သံသယရှိခဲ့သော်ငြား ထို ပစ္စည်းများကို မည်ကဲ့သို့ ဖြန့်ကျက်အသုံးပြုသလဲ ဆိုသည်နှင့်ပတ်သက်ပြီး သတင်းအချက်အလက် အကန့်အသတ်သာ ရှိနေသည်။ သတင်းများအရ စစ်တပ်သည် တရုတ် နယ်စပ်အနီး နိုင်ငံ၏ မြောက်ပိုင်း ဧရိယာများတွင် သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးများကို ထောက်ကူရန် ၂၀၁၅ ခုနှစ် သို့မဟုတ် ၂၀၁၆ ခုနှစ်တွင် CH-3A များကို စတင် အသုံးပြုခဲ့သည်ဟု ညွှန်ပြနေသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စောင့်ကြည့်ထောက်လှမ်းမှုများအတွက် UAVs များ အသုံးပြုကြောင်းကို စစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ၀င်းဇော်ဦးက ယခု ဇန်န၀ါရီလတွင် အတည်ပြုခဲ့သည်။

CH-3A သည် တရုတ် အာကာသသိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) က ထုတ်လုပ်သည့် ပေါ်ပြူလာဖြစ်သော CH-3 ၏ မူကွဲတစ်ခု ဖြစ်သည်။ စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့ (SIPRI) မှ ဒေတာများအရ မြန်မာသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား CH-3As ၁၂ စင်း ၀ယ်ယူခဲ့သည်ဟု သိရသည်။ CH-3A သည် တရုတ်၏ လူလိုက်ပါခြင်းမရှိသော ယာဥ်များအနက်

အဆင့်အမြင့်ဆုံး၊ ခေတ်အမီဆုံး မဟုတ်သော်လည်း ယင်းသည် အခြေခံ စောင့်ကြည့်ရေး မစ်ရှင်များကိုသာ ထမ်း‌ဆောင်နိုင်သည့် မြန်မာ၏ ခေတ်နောက်ကျနေသော UAVs အုပ်စုနှင့် ယှဥ်ပါက ပိုမို မြင့်မားသော လုပ်နိုင်စွမ်းများရှိသည်။ CASC သည် ပိုမိုဆန်းသစ်သော CH-4s များ တည်ဆောက်သည့် စက်ရုံတစ်ရုံကို မြန်မာတွင် လည်ပတ်လုပ်ဆောင်သည်ဟုလည်း သိရသည်။ CH-4s များသည် ၀န်သယ်ဆောင်နိုင်မှုနှင့် ခံနိုင်ရည်ရှိမှုပိုင်းတွင် ယင်း၏အရင်ပစ္စည်းထက် ပိုသာသည့် အဆင့်မြှင့်တင်မှုများ ပါ၀င်သည်။ မြန်မာသည် အဆိုပါ ပိုမိုအသစ်ဖြစ်သော ဒရုန်းအမျိုးအစားကို ၀ယ်ယူထားပြီးသလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

အာဏာသိမ်းစစ်တပ်သည် ယင်း၏ တပ်ဖွဲ့၀င်များကို လက်နက်တင်ဆင်ရန်အတွက် တရုတ်နိုင်ငံပိုင်လုပ်ငန်းများအပေါ် ကြီးကြီးမားမား အမှီအခိုပြုထားသည်။ SIPRI ၏ အဆိုအရ ၂၀၁၀ နှင့် ၂၀၁၉ အကြား မြန်မာနိုင်ငံ၏ ပြည်ပကနေ လက်နက်တင်သွင်းမှုများအနက် ပျမ်းမျှ ၅၆ ရာခိုင်နှုန်းကို တရုတ်က ထောက်ပံ့ဖြည့်ဆည်းပေးထားခဲ့ကြောင်း သိရသည်။ ထို၀ယ်ယူမှုများထဲတွင် တိုက်လေယာဥ်များ၊ ပို့ဆောင်ရေး လေယာဥ်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ရာနှင့်ချီတို့ ပါ၀င်သည်။ အဆိုပါ ထောက်ပံ့ပေးသွင်းသူများအနက် အချို့သည် အမေရိကန် ပို့ကုန် စီမံခန့်ခွဲရေး စည်းမျဥ်းများ၏ အခန်း ၇၄၄ အောက်ရှိ စစ်ဘက်ဆိုင်ရာ လက်တွေ့အသုံးပြုမည့်သူများ စာရင်းထဲတွင် ရှိနေသည်။

အာဏာသိမ်းမှုအတွက် မြန်မာစစ်တပ်ကို အဓိက အင်အားကြီးနိုင်ငံအများစုက ပြစ်တင်ရှုတ်ချထားသော်လည်း တရုတ်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး တိတ်တိတ်ဆိတ်ဆိတ် ရှိနေခဲ့သည်။ မြန်မာအာဏာသိမ်းစစ်တပ်၏ မနှစ်မြို့ဖွယ် လူ့အခွင့်အရေး မှတ်တမ်းကြောင့် ယင်းကို နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်အကြား သီးခြားကွဲနေစေဖွယ် ရှိနေသည်ဖြစ်ရာ လက်နက် ထောက်ပံ့ပေးသွင်းသူတစ်ဦးအဖြစ် တရုတ်၏ အဓိကအခန်းကဏ္ဍက မြန်မာစစ်တပ်နှင့်အကြား ဆက်ဆံရေးကို မြှင့်တင်ရန်အတွက် ပံ့ပိုးပေးနိုင်ဖွယ်ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required