အဓမ္မစေခိုင်းမှုများကြောင့် တရုတ်မှ ဝါဂွမ်းများထက် ဥဇဘက်ကစ္စတန်မှ ဝါဂွမ်းများကို ပိုမို ဝယ်ယူလာ

အဓမ္မစေခိုင်းမှုများကြောင့် တရုတ်မှ ဝါဂွမ်းများထက် ဥဇဘက်ကစ္စတန်မှ ဝါဂွမ်းများကို ပိုမို ဝယ်ယူလာ

ဝါဂွမ်းထုတ်လုပ်မှုတွင် တရုတ်က ဒုတိယနေရာတွင်ရှိနေသော်လည်း တရုတ်သည် နိုင်ငံတကာ၏ ဖိအားပေးခံနေရပြီး ဝေဖန်သူများက တရုတ်အား ရှင်ကျန်းတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်နေသည်ဟု စွပ်စွဲနေပြီး ဝယ်ယူသူများကလည်း နိုင်ငံရေးအကျိုးဆက်များ ရှောင်ရှားရန်အတွက် ဝါဂွမ်းကုန်ပစ္စည်းများကို အခြားနေရာများမှ ဝယ်ယူရန် ရှာဖွေနေကြသည်။

ယင်းအခြေအနေတွင် တရုတ်မှ တင်သွင်းမှုကို ဝါဂွမ်းဝယ်ယူသူများက ငြင်းဆန်သောကြောင့် အဓမ္မခိုင်းစေမှုများကြောင့် နိုင်ငံတကာက ဆယ်စုနှစ်တစ်ခုခန့် ကန့်ကွက်ခံမှုများဖြင့် ကြုံတွေ့ခဲ့ရသည့် ကမ္ဘာ့ဆဌမမြောက် အကြီးမားဆုံးဝါဂွမ်းထုတ်လုပ်သည့် ဥဇဘက်ကစ္စတန်မှ ဝါဂွမ်းများ ပိုမိုရောင်းချလာရကြောင်း South China Morning Post မှ မီမီလျှိုက ရေးသားခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်ကျော်က ဥဇဘက်ကစ္စတန်၏ ဝါဂွမ်းလုပ်ငန်းတွင် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့်ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်မှုများကိုစတင်ခဲ့ပြီး ယင်းကာလအတွင်းက ဝင်ငွေပိုရလွယ်သည့် ဝါဂွမ်းအတွက် ဆရာဝန်များ၊ ဆရာများနှင့် ကလေးငယ်များအပါအဝင်သန်းနှင့် ချီသောလူများကို ဝါဂွမ်းစိုက်ပျိုးရေးတွင် အသုံးချခဲ့သည်။

ဥဇဘက်ဝါဂွမ်းနှင့် အထည်အလိပ်များအား နိုင်ငံတကာက သပိတ်မှောက်ရန်အတွက် နာမည်ကျော် အမှတ်တံဆိပ်နှင့်လက်လီရောင်းဝယ်သူ ၃၀ဝ ကျော်တို့က လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် ဒဏ်ခတ်ပိတ်ဆို့မှုများစွာ ပြုလုပ်ခဲ့ကြသည်။

ထိုအချိန်မှစ၍ ဥဇဘက်ကစ္စတန်သည် ကလေးအလုပ်သမားများနှင့် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုများ အဆုံးသတ်ရေးအတွက် ဝါဂွမ်းစိုက်ခင်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းနှင့် တန်ဖိုးကွင်းဆက်ကို မြှင့်တင်ရန် ကြိုးစားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှင်ကျန်းတွင် တရုတ်အစိုးရက ဝီဂါမွတ်စလင်များအား အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေး စခန်းများသို့ပို့ခြင်း၊ ဘာသာရေးလှုပ်ရှားမှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် အတင်း အဓမ္မ လုပ်အားပေးစေခိုင်းမှုများအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် တရုတ်သည် ကမ္ဘာတစ်ဝန်းလုံး၏ ပြစ်တင်ဝေဖန်မှု ခံခဲ့ရသည်။

အခြားတစ်ဖက်တွင်မူ တရုတ်အစိုးရက ရှင်ကျန်း ရှိ ဝီဂါများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ တွင်ပါဝင်ပတ်သက်မှုမရှိကြောင်း ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့သော်လည်း ဂျာနယ်လစ်များ၊ အဲန်ဂျီအိုများနှင့် ထိန်းသိမ်းထားသူများထံမှ သတင်းများပေါ်ထွက်လာပြီးနောက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တိုင်းရင်းသားလူမျိုးစုအပေါ် ရက်စက်စွာ နှိမ်နင်းမှုများကို မီးမောင်းထိုးပြနိုင်ခဲ့သည်။

ဇန်နဝါရီလတွင် အမေရိကန်က ရှင်ကျန်းမှ ဝါဂွမ်းနှင့် ခရမ်းချဉ်သီးများတင်သွင်းမှုကိုပိတ်ပင်ခဲ့ပြီးနောက်တွင် ကနေဒါနှင့် ဗြိတိန်တို့ကလည်း ပိတ်ပင်ခဲ့သည်။

H&M၊ Nike နှင့် Ralph Lauren အပါအဝင် နိုင်ငံတကာကုန်အမှတ်တံဆိပ်များစွာက ယင်းတို့၏ ထုတ်ကုန်များကို ရှင်ကျန်းမှ ချည်မျှင်ဝါဂွမ်းနှင့် မပြုလုပ်ကြောင်း ကြေညာချက်များသည်လည်း စံချိန်တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required