အပစ်ရပ်ပြီးနောက် ဂျေရုဆလင်မှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးရဲတွေကြား ထိပ်တိုက်တွေ့မှု ဖြစ်ပြန် 

အပစ်ရပ်ပြီးနောက် ဂျေရုဆလင်မှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးရဲတွေကြား ထိပ်တိုက်တွေ့မှု ဖြစ်ပြန် 
Photo - AFP

မေ ၂၂

ဂါဇာမှာ လူအသေအဆုံးများတဲ့ ၁၁ ရက်ကြာ တိုက်ပွဲတွေ အဆုံးသတ်စေတဲ့ အပစ်ရပ်ထားတဲ့အချိန်မှာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြရတဲ့ ဂါဇာဒေသခံ ထောင်ပေါင်းများစွာဟာ ၎င်းတို့ နေအိမ်တွေဆီ သောကြာနေ့မှာ ပြန်လာကြပြီး အပျက်အစီးတွေကို ကြည့်ရှုစစ်ဆေးကြပါတယ်။ 

ဒါပေမဲ့ ဂျေရုဆလင်မှာတော့ အလွန်ကို ထိလွယ်ရှလွယ်တဲ့ Al-Aqsa ဗလီဝင်းမှာ ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ဆန္ဒပြသူတွေကို အစ္စရေးရဲတွေက ဖြိုခွင်းပါတယ်။ အဲဒီ ဗလီဝင်းက ထိပ်တိုက်တွေ့မှုတွေကြောင့် နှစ်များစွာအတွင်း အဆိုးဆုံး ပဋိပက္ခတွေ ပေါ်ပေါက်လို့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး သီတင်းနှစ်ပတ်မှာ ထပ်မံဖြစ်ပွားပြန်တာ ဖြစ်ပါတယ်။ 

အစ္စရေးတပ်တွေရဲ့ ဖြိုခွင်းမှုအတွင်းမှာ ဆူပူဆန္ဒပြတဲ့ သတင်းရယူနေတဲ့ အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက်တစ်ဦး ရိုက်နှက်ခံရပါတယ်။ 

အစ္စရေးသိမ်းပိုက်ရာ အရှေ့ဂျေရုဆလင်နဲ့ ဂျေရုဆလင်နဲ့ အနောက်ဖက်ကမ်းက လမ်းဆုံတွေအပါအဝင် အခြားနေရာတွေမှာလည်း ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောပြီး ရဲနဲ့ နယ်ခြားစောင့်တပ် ရာပေါင်းများစွာ တပ်ဖြန့်ချထားတယ်လို့ ဖြည့်စွက်ပြောပါတယ်။ 

ဂါဇာက ပါလက်စတိုင်းတွေဟာ ပုန်းခိုနေကြရာ စာသင်ကျောင်းတွေကနေ တစစ ထွက်လာနေကြတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကယ်ဆယ်ရေးသမားတွေက သူတို့မှာ ရှိတဲ့ မစို့မပို့ ထောက်ကူပစ္စည်းတွေနဲ့ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းပြီး အသက်ရှင်နိုင်သူတွေကို ကယ်ဆယ်ဖို့ ကြိုးစားလုပ်ဆောင်နေရတယ်လို့ ပြောကြပါတယ်။ 

အစ္စရေးရဲ့ လေကြောင်းထိုးစစ်တစ်ရပ်မှာ ဂါဇာစီးတီးက အိမ် ပျက်စီးခဲ့ရတယ်လို့ အသက် ၇၀ အရွယ် နာဇမီက ပြောပါတယ်။ 

“ကျွန်တော်တို့မှာ အခြား အိမ်လည်း ရှိတာမဟုတ်ဘူး၊ အိမ်ကို ပြန်ပြင်မဆောက်နိုင်မချင်း အပျက်အစီးပုံထိပ် တဲထိုးပြီး နေရမှာပဲ”လို့ ကလေးငါးဦး ဖခင် သူက ဆိုပါတယ်။ 

ပါလက်စတိုင်း လက်နက်ကိုင်အုပ်စုတွေကို အစ္စရေးရဲ့ ဗုံးကြဲစစ်ဆင်ရေးမှာ ဂါဇာက တိုက်ခိုက်ရေးသမား ၂၀၀ ကျော်ကို သုတ်သင်ခဲ့ပြီး အကြီးတန်း တပ်မှူး ၂၅ ဦး ပါဝင်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပြီး ‘မျှော်လင့်ထားတဲ့ အောင်မြင်မှု’ လို့ ဆိုပါတယ်။ 

ဂါဇာကမ်းမြောင်က အစ္စလာမ္မစ် အုပ်ချုပ်သူ ဟားမတ်ဇ်အဖွဲ့ကလည်း အောင်ပွဲရတယ်လို့ အတည်ပြုပြောပါတယ်။ 

“အစ္စရေးကို နက်နက်ရှိုင်းရှိုင်း မှတ်လောက်သားလောက် ဖြစ်စေမယ့် ပြင်းထန်ကြမ်းတမ်းတဲ့ ထိုးနှက်ချက်တွေကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့တယ်”လို့ ဂါဇာကို ပြန်လည်ထူထောင်မယ့် ကတိခံရင်း ဟားမတ်ဇ်အဖွဲ့ရဲ့ နိုင်ငံရေးအကြီးအကဲ အစ္စမေးလ်ဟာနီယက်ရှ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly