တရုတ်၌ လင်မယားစုံတွဲများကို စိတ်လိုက်မာန်ပါမလုပ်ရန် ညွှန်ကြားပြီးနောက် ကွာရှင်းပြတ်စဲမှုနှုန်း ၇၀ ရာခိုင်နှုန်း ကျဆင်း

တရုတ်၌ လင်မယားစုံတွဲများကို စိတ်လိုက်မာန်ပါမလုပ်ရန် ညွှန်ကြားပြီးနောက် ကွာရှင်းပြတ်စဲမှုနှုန်း ၇၀ ရာခိုင်နှုန်း ကျဆင်း
Photo: EPA

တရုတ်နိုင်ငံတွင် ကွာရှင်းပြတ်စဲလိုသည့် လင်မယားစုံတွဲများအတွက် မကွာရှင်းမီ စိတ်ပြင်းထန်မှုကို လျှော့ချပြီး စိတ်ငြိမ်ငြိမ်ထားကာ စေ့စပ်ညှိနှိုင်းနိုင်ရန် အချိန်ဆွဲပေးထားသော ကာလတစ်ခုကို ယခုနှစ်အစောပိုင်းက မိတ်ဆက်သတ်မှတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတွင် ကွာရှင်းပြတ်စဲမှု အရေအတွက်သည် ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း သိရသည်။

ယင်းနိုင်ငံ၏ ပြည်သူ့ရေးရာ၀န်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက် ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ် ပထမသုံးလပတ်တွင် ကွာရှင်းမှုပေါင်း ၂၉၆,၀၀၀ ခန့် စာရင်းသွင်းခဲ့ရာ ယင်းကို ယမန်နှစ် နောက်ဆုံး သုံးလပတ်က စာရင်းသွင်းခဲ့သည့် ကွာရှင်းမှုပေါင်း ၁ ဒသမ ၀၆ သန်းနှင့် နှိုင်းယှဥ်ပါက ၇၂ ရာခိုင်နှုန်း ကျသွားသည်ကို တွေ့ရမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ် ပထမသုံးလပတ်က ကွာရှင်းမှုပေါင်း ၆၁၂,၀၀၀ ရှိခဲ့ရာကနေ တစ်နှစ်ထက်တစ်နှစ် ၅၂ ရာခိုင်နှုန်းနီးပါး ကျဆင်းမှုလည်း ဖြစ်နေခဲ့သည်။

ဇန်န၀ါရီ ၁ ရက်က အသက်၀င်ထားခဲ့သည့် ပြည်သူ့ဥပဒေသစ်တစ်ရပ်အရ ကွာရှင်းပြတ်စဲရန် ဦးတိုက်လျှောက်ထားသည့် လင်မယားစုံတွဲများသည် ၎င်းတို့၏ လျှောက်လွှာကို တင်ပြီးနောက်ပိုင်း ရက် ၃၀ အထိ စောင့်ဆိုင်းရမည် ဖြစ်ကာ ထိုအချိန်ကာလအတွင်း မည်သူ့ဘက်က ဖြစ်စေ လျှောက်ထားမှုကို ပြန်လည် ရုပ်သိမ်းနိုင်သည်။ ထိုသို့မရုပ်သိမ်းဘဲ တစ်လပြည့်သွားပါက အိမ်ထောင်သည်ဘ၀ကို အဆုံးသတ်ရန်အတွက် ၎င်းတို့အနေဖြင့် နောက်တစ်ဖန် ပြန်လည်လျှောက်ထားရမည် ဖြစ်သည်။

နိုင်ငံ၏ ဒေသတစ်ချို့တွင် အသက်၀င်ထားခဲ့ပြီးဖြစ်သည့် ပြည်တွင်းဥပဒေတစ်ခုအပေါ် အခြေပြုထားသည့် ထိုဥပဒေသည် ပုဂ္ဂိုလ်ရေး လွတ်လပ်မှုများအပေါ် အဟန့်အတား ဖြစ်စေသလို လူများကိုလည်း မပျော်ရွှင်သည့် အိမ်ထောင်ရေး သို့မဟုတ် ယုတ်စွအဆုံး အကြမ်းဖက်သည့် အိမ်ထောင်ရေးထဲတွင် ပိတ်မိနေစေဖွယ် ရှိနိုင်သည် ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံထားခဲ့ရသည်။ သို့သော် ယင်းသည် မိသားစု တည်မြဲရေးနှင့် လူမှုဆိုင်ရာ အစီအစဥ်တကျ ရှိမှုကို သေချာစေသည် ဆိုပြီး ယင်းကို ထောက်ခံသူများက နိုင်ငံပိုင်မီဒီယာတွင် ကာကွယ်ပြောဆိုခဲ့သည်။

တရုတ်တွင် မကြာ‌သေးခင်က နှစ်များအတွင်း ကွာရှင်းပြတ်စဲမှုများသည် မှန်မှန် တိုးမြင့်ထားခဲ့ပြီး ယင်းသို့ ဖြစ်ခဲ့ခြင်းမှာ အမျိုးသမီးများအတွက် ကိုယ်တိုင်လုပ်ပိုင်ခွင့် ပိုမိုရရှိခြင်းနှင့် လူမှုဆိုင်ရာ အမည်းစက်ထင်မှု လျော့ကျခြင်းတို့နှင့် တစ်စိတ်တစ်ဒေသ သက်ဆိုင်နေသည်။ ကွာရှင်းပြတ်စဲမှုများ၏ ၇၀ ရာခိုင်နှုန်းကျော်ကို ဇနီးသည်များက စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အမျိုးသမီးထုဆိုင်ရာ အဖွဲ့ချုပ်က ပြောသည်။

ထိုကဲ့သို့ ကွာရှင်းပြတ်စဲမှု မြင့်တက်ထားခဲ့ခြင်းက မူ၀ါဒချမှတ်သူတစ်ချို့အကြား စိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့သည်။ ယင်းနိုင်ငံတွင် ဖြစ်နိုင်ခြေရှိ ဒီမိုဂရပ်ဖစ် ချိန်ကိုက်ဗုံးတစ်လုံးကို တားဆီးရန်အလို့ငှာ ကလေးပိုယူကြရန် ပြည်သူများကို အာဏာပိုင်များက တိုက်တွန်းစဥ် အထက်ပါ အလားအလာ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

“လက်ထပ်မှုနဲ့ ကလေးမွေးဖွားမှု ဆိုတာက နီးနီးကပ်ကပ် ဆက်နွယ်နေပါတယ်၊ လက်ထပ်မှုနှုန်း ကျဆင်းတာက ကလေးမွေးမှုနှုန်းအပေါ် ထိခိုက်စေပါလိမ့်မယ်၊ အပြန်အလှန်အနေနဲ့ စီးပွားရေးနဲ့ လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအပေါ် ထိခိုက်စေပါတယ်” ဟု ပြည်သူ့ရေးရာ ၀န်ကြီးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် ယန်ဇုံထောင်က ယမန်နှစ် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

“ဒီ ကိစ္စကို ရှေ့တန်းနေရာကို ပို့သင့်ပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် ချစ်ခြင်းမေတ္တာ၊ လက်ထပ်မှုနှင့် မိသားစုဆိုင်ရာ အပေါင်းလက္ခဏာဆောင်သည့် တန်ဖိုးများကို ထူထောင်ရေးအတွက် အများပြည်သူကို လမ်းညွှန်မည့် ၀ါဒဖြန့်မှု အားထုတ်မှုများကို တိုးမြှင့်ရန်နှင့် သက်ဆိုင်ရာ လူမှု မူ၀ါဒများကို အဆင့်မြှင့်တင်ရန်အတွက် ၀န်ကြီးဌာနဘက်က လုပ်ဆောင်မည်ဟု ၎င်းက ပြောခဲ့သည်။

ပြည်သူများကို အိမ်ထောင်ပြုရန်နှင့် အမျိုးသမီးများ အလုပ်ထက် ကလေးယူခြင်းကို ဦးစားပေးရေးအတွက် တိုက်တွန်းသည့် မက်လုံးပေးမှုများနှင့်အတူ အဆိုပါ လင်မယားများကို စိတ်ဖြေလျှော့စေပြီး စေ့စပ်ညှိနှိုင်းစေသည့် ကာလသတ်မှတ်ချက်သည် အထက်ပါ တွန်းအားပေးလုပ်ဆောင်မှု၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယမန်နှစ်က အဆိုပါ ကာလသတ်မှတ်ချက် အသက်၀င်မှုမတိုင်မီ လင်မယားစုံတွဲများသည် ကွာရှင်းပြတ်စဲရန် အပြေးအလွှားရောက်ခဲ့ကြသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

လင်မယားများအတွက် မကွာရှင်းမီ စိတ်ဖြေလျှော့ပြီး စေ့စပ်ညှိနှိုင်းရန် ပေးထားသော အချိန်ကာလသတ်မှတ်ချက်မျိုးကို မိတ်ဆက်ခြင်းမှာ တရုတ် တစ်နိုင်ငံတည်း‌တော့ မဟုတ်ပေ။ ပြင်သစ်နှင့် ယူကေ တို့သည်လည်း အပြန်အလှန် သဘောဆန္ဒဖြင့် ကွာရှင်းရန် ကြိုးပမ်းသော စုံတွဲများကို အိမ်ထောင်သည်ဘ၀ အဆုံးမသတ်ခင် နှစ်ပတ်နှင့်‌ ခြောက်ပတ်အကြား စောင့်ဆိုင်းခိုင်းသည့် မူ၀ါဒများ ရှိသည်။

စည်းမျဥ်းဥပဒေများသည် “စိတ်လိုက်မာန်ပါ လုပ်တတ်သည့်” ကွာရှင်းပြတ်စဲမှုများကို တားဆီးရန်အတွက် ရည်ရွယ်ကြောင်း တရုတ် တာ၀န်ရှိသူများက ကာကွယ်ပြောကြားသည်။ ထို့ပြင် အိမ်တွင်း အကြမ်းဖက်မှု ကိစ္စမျိုးတွင် သက်ဆိုင်သူများအနေဖြင့် ကွာရှင်းပြတ်စဲရန် တရားရုံးတွင် တောင်းဆိုနိုင်နေဆဲဖြစ်ကြောင်း ၎င်းတို့က ထောက်ပြပြောဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required