၂၀၂၂ ပေကျင်း အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် ဝီဂါကိုယ်စားပြုညွန့်ပေါင်းအဖွဲ့ တောင်းဆို

၂၀၂၂ ပေကျင်း အိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် ဝီဂါကိုယ်စားပြုညွန့်ပေါင်းအဖွဲ့ တောင်းဆို

နိုင်ငံတကာ အိုလံပစ်ကော်မတီ၊ အားကစားသမားများ၊ ပံ့ပိုးထောက်ပံ့သူများနှင့် အားကစားအဖွဲ့များကို ဖိအားပိုမိုပေးသည့် လုပ်ဆောင်မှုအဖြစ် ပေကျင်းတွင် ကျင်းပမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို လုံးဝ သပိတ်မှောက်ကြရန် တရုတ်အစိုးရက လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲသည့် အုပ်စုများ၏ ညွန့်ပေါင်းအဖွဲ့က တောင်းဆိုလိုက်သည်။

ဝီဂါ၊ တိဘက်၊ ဟောင်ကောင် ဒေသခံများနှင့် အခြားပုဂ္ဂိုလ်များကို ကိုယ်စားပြုသည့် မဟာမိတ်အဖွဲ့တစ်ဖွဲ့က မေ ၁၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက်ကြရန်၊သံတမန်နည်းလမ်းအရ ကန့်ကွက်သကဲ့သို့ မသက်ဆိုင်ကြရန်နှင့် အိုလံပစ်ကော်မတီ (IOC) သို့မဟုတ် တရုတ်နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်ကြရန် ဖော်ပြထားသည်။

“IOC နဲ့ ဆွေးနွေးမှုက ပြီးဆုံးသွားပါပြီ။ ၂၀၂၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲဟာ ပုံမှန် အားကစားပွဲ မဟုတ်သလို ပုံမှန်လုပ်ဆောင်မှုလည်မဟုတ်ပါဘူး။ IOC အတွက်လည်း မဟုတ်သလို နို်ငငံတကာ အသိုင်းအဝိုင်းအတွက်လည်း မဟုတ်ပါဘူး” ဟု အေပီသတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် Tibet Action Institute မှ လာဒေါင်တီသောင်းက ပြောကြားသည်။

ပေကျင်း ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်ထားသည်။ ယင်းပွဲတော်မတိုင်မီ ၆လတွင် တိုကျိုမြို့၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ရွှေ့ဆိုင်းပြီး ဖြစ်သည်။

လူ့အခွင့်အရေး အုပ်စုများက ယမန်နှစ်အတွင်း IOC နှင့် အကြိမ်များစွာ တွေ့ခဲ့ပြီး အိုလံပစ်ပွဲတော်ကို တရုတ်နိုင်ငံတွင် မကျင်းပရန် တောင်းဆိုခဲ့သည်။ ယင်းဆွေးနွေးပွဲများတွင် ကမ္ဘာ့ဝီဂါကွန်ဂရက်မှ ဇူမရီတေအာကင် အဓိက ပါဝင်ခဲ့သည်။

လာဒေါင်တီသောင်းကို တိဘက်များအတွက် လှုပ်ရှားဆောင်ရွက်ပေးခြင်းများကြောင့် ပေကျင်းနွေရာသီ အိုလံပစ် ပြိုင်ပွဲ မတိုင်မီ ၁ နှစ် အလို ၂၀၀၇ ခုနှစ်က တရုတ်နိုင်ငံတွင် ဖမ်းဆီးပြီးနောက် ပြည်နှင်ဒဏ်ပေးခဲ့သည်။

“၂၀၀၈ ခုနှစ် အိုလံပစ်ပွဲဟာ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ပိုကောင်းလာစေမယ်လို့ IOC က ပြောခဲ့ပေမယ့် အခုချိန်မှာ အခြေအနေက အရင်ထက်ဆိုးလာပါတယ်။ လာမယ့်ပြိုင်ပွဲကို ကျင်းပမယ်ဆိုရင် တရုတ်အစိုးရလုပ်နေတာတွေကို နိုင်ငံတကာက အသိအမှတ်ပြု လက်ခံသလို ဖြစ်နေပါလိမ့်မယ်” ဟု တီသောင်းက ပြောသည်။ပေကျင်းအိုလံပစ်နှင့် တရုတ်လူ့အခွင့်အ‌ရေး အခြေအနေများအတွက် အမေရိကန် ကွန်ဂရက်တွင် ပူးတွဲကြားနာမည့် ရက်မတိုင်မီ သပိတ်မှောက်ရန် တောင်းဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

သပိတ်မှောက်ခြင်းသည် ထိရောက်မှုမရှိဘဲ အားကစားသမားများသာ ထိခိုက်နစ်နာစေသည်ဟု အမေရိကန်အိုလံပစ်နှင့် မသန်စွမ်းသူများ အိုလံပစ် ကော်မတီတို့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required