ဘင်္ဂလားဒေ့ရှ်က Quad အဖွဲ့တွင် ပါဝင်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ဟု တရုတ် သတိပေး

By Zee News
20 May 2021
ဘင်္ဂလားဒေ့ရှ်က Quad အဖွဲ့တွင် ပါဝင်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နိုင်ဟု တရုတ် သတိပေး

ပေကျင်း

အမေရိကန်ဦးဆောင်၍ ဩစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ပါဝင်သော Quad ၄ နိုင်ငံအဖွဲ့သည့် တရုတ်ကို ဆန့်ကျင်နေသည့် အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် ပါဝင်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း တရုတ်သံအမတ်ကြီးက မေ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

သံအမတ်ကြီး၏ ရန်လိုသော မှတ်ချက်များသည် စိတ်ကုန်စရာ ရန်လိုသည့် လုပ်ရပ်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဒူမိုမန်က ပြောကြားသည်။

“ကျွန်တော်တို့က လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ မိမိတို့ရဲ့ နိုင်ငံခြားရေး မူဝါဒကို မိမိတို့ပဲ ဆုံးဖြတ်ပါမယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ဘက်မလိုက်တဲ့ ကြားနေ နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးပြီး အဆိုပါ မူဝါဒနဲ့အညီ ဘာဆက်လက်မယ်ဆိုတာကို ဆုံးဖြတ်ပါမယ်” ဟု မိုမန်က မေ ၁၇ ရက်တွင် ပြောကြားသည်။

မိုမန်၏ မှတ်ချက်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိ ဟွာချန်ရင်းက “တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ရင်းနှီးတဲ့ အိမ်နီးချင်းတွေပါ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူဝါဒ ၅ ချက်အတိုင်း ဆက်ဆံခဲ့ကြပါတယ်။ အပြန်အလှန်လေးစားမှုထားသလို အဓိကကျတဲ့ အကျိုးစီးပွားတွေနဲ့ အရေးပါတဲ့ အကြောင်းအရာတွေမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူညီပံ့ပိုးကြပါတယ်” ဟု ပြောကြားသည်။

“Quad ဟာ ဘယ်လိုအဖွဲ့ဆိုတာ အားလုံးသိပါတယ်။ သီးခြားအုပ်စုဖွဲ့ပြီး တရုတ်နိုင်ငံအပေါ် စိန်ခေါ်မှုတွေ ဖြစ်စေတဲ့အပေါ်မှာ တရုတ်က ဆန့်ကျင်ပါတယ်။ ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား မသင့်မြတ်မှုတွေ ဖြစ်စေမယ့် လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်” ဟု ဟွာက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် မှတ်ချက်ရေးသားထားသည်။

၂၀၀၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် Quad အဖွဲ့၏ ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဂျိူးဘိုင်ဒင်က ယခုနှစ် မတ် ၁၂ ရက်တွင် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် ယင်းအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ဩစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်နှင့် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆူဂါတို့ ပါဝင်ခဲ့ကြရာတွင် လွတ်လပ်သော၊ ပွင့်လင်းသော၊ အားလုံးပူးပေါင်းပါဝင်သော၊ ဒီမိုကရေစီတန်ဖိုးများ ပြည့်ဝသော၊ တွန်းအားပေးခြိမ်းခြောက်မှု မရှိစေသော အင်ဒို-ပစိဖိတ်ဒေသဖြစ်လာစေရေးအတွက် သဘောတူညီချက် ပြုလုပ်ခဲ့ခြင်းကြောင့် တရုတ်၏ ဒေသတွင်း ရန်စွာသည့် လုပ်ရပ်များကို ဆန့်ကျင်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required