အာဖရိကနိုင်ငံတွေ ကပ်ရောဂါကနေ ပြန်နာလန်ထူနိုင်ဖို့အတွက် ဆော်ဒီက ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်

အာဖရိကနိုင်ငံတွေ ကပ်ရောဂါကနေ ပြန်နာလန်ထူနိုင်ဖို့အတွက် ဆော်ဒီက ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်
Photo - AFP

မေ ၂၀

အာဖရိကဒေသရှိ နိုင်ငံတွေ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကနေ ပြန်လည် နာလန်ထူနိုင်ရေးအတွက် ထောက်ကူပံ့ပိုးဖို့ ဆော်ဒီအာရေးဗျနိုင်ငံက ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးသွားမယ်လို့ ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆော်လ်မန်က ပါရီမြို့ အစည်းအဝေးတစ်ခုက ထုတ်ဖော်သွားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ မြို့တော်မှာ မေလ ၁၈ ရက်က ကျင်းပခဲ့ပြီး အာဖရိက ခေါင်း‌ဆောင်တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ အတူတကွ တက်ရောက်ခဲ့တဲ့ ထိုအစည်းအဝေးမှာ ဘဏ္ဍာ‌ငွေ ဖြည့်တင်းဖို့နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြန့်ကျက်မှုကို အရှိန်မြှင့်လုပ်ဆောင်ဖို့ သဘောတူညီချက်သစ်တစ်ခုနဲ့အတူ အာဖရိကဒေသကို ကပ်ရောဂါ အကျပ်အတည်းကနေ ကျော်လွှားနိုင်စေရေး အကူအညီပေးသွားမယ်လို့ ဆော်ဒီ အိမ်ရှေ့စံက ကတိပြုခဲ့ပါတယ်။

“ဖွံ့ဖြိုးမှုဆိုင်ရာ ဆော်ဒီ ရန်ပုံငွေနဲ့အတူ အာဖရိကမှာရှိတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ချေးငွေတွေ၊ အထောက်အပံ့တွေ၊ ပရောဂျက်တွေကို အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်” လို့ ရေနံကြွယ်၀တဲ့ ပင်လယ်ကွေ့နိုင်ငံရဲ့ လက်တွေ့အုပ်ချုပ်သူအဖြစ် အများက သတ်မှတ်ထားတဲ့ ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်က ပြောသွားပါတယ်။

“၀င်ငွေနည်းပါးတဲ့ အာဖရိကနိုင်ငံတွေမှာ ဒီ ကပ်ရောဂါရဲ့ သက်ရောက်မှုက ကြီးလေးလှပါတယ်၊ ဒါကြောင့် သူတို့တွေ ဒီအကျပ်အတည်းကနေ ကျော်လွှားနိုင်ဖို့အတွက် နိုင်ငံတကာ ပူးပေါင်းလုပ်ဆောင်မှုနဲ့အတူ ကျွန်တော်တို့ ဆက်လက် အားထုတ်သွားဖို့ အရေးကြီးပါတယ်” လို့လည်း ဆော်ဒီ အိမ်ရှေ့စံမင်းသားက ပြောသွားပါတယ်။

ဆော်ဒီ အာရေးဗျအနေနဲ့ အာဖရိကတိုက်ရဲ့ စွမ်းအင်၊ သတ္ထုတူးဖော်မှု၊ တယ်လီကွန်မြူနစ်ကေးရှင်းနဲ့ အစားအသောက် လုပ်ငန်းကဏ္ဍတွေထဲက အမျိုးမျိုးသော ပရောဂျက်တွေမှာ ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်တယ်လို့လည်း ၎င်းက ပြောသွားခဲ့ပါတယ်။

ပင်လယ်ကွေ့ နိုင်ငံတွေ၊ အထူးသဖြင့် ဆော်ဒီအာရေးဗျ၊ ယူအေအီးနဲ့ ကာတာတို့ဟာ မကြာ‌သေးတဲ့ နှစ်တွေအတွင်းမှာ အာဖရိကဒေသမှာ ယင်းတို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး သြဇာလွှမ်းမိုးမှုကို တိုးချဲ့ လုပ်ဆောင်ထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly