ဂျာမနီ မြို့တစ်မြို့မှာ ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံး တွေ့ရှိ၍ လူပေါင်း ၂၅၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး 

ဂျာမနီ မြို့တစ်မြို့မှာ ဒုတိယကမ္ဘာစစ် လက်ကျန် ဗုံး တွေ့ရှိ၍ လူပေါင်း ၂၅၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး 
Photo - AFP

မေ ၂၀

ဂျာမနီနိုင်ငံရဲ့ စီးပွားရေးအချက်အခြာ ဖရန့်ဖတ်မြို့အနီးမှာ ဒုတိယကမ္ဘာစစ် လက်ကျန် ကြီးမားတဲ့ ဗုံးတစ်လုံး ဗုဒ္ဓဟူးနေ့က တွေ့ရှိရာ တုန်လှုပ်ခြောက်ခြားနေကြတဲ့ လူအချို့နဲ့အတူ လူထောင်သောင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ 

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ၅၀၀ ကီလိုဂရမ် ဗုံးကြီးတစ်လုံး တူးဖော်တွေ့ရှိပြီးနောက် လူနေထူထပ်ရာ နော်ဒန်းမြို့က ပြည်သူ ၂၅၀၀၀ ကို ဘေးကင်းရာ ပြောင်းရွှေ့ပေးခဲ့ရတာ ဖြစ်တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။ 

မြေကြီးတွေကြားက ဗုံးကိ အသက်မဲ့အောင် ဗုံးရှင်းလင်းရေးအဖွဲ့က လုပ်ဆောင်မှာ ဖြစ်ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ 

စကိတ်ကွင်းတစ်ခုမှာ ဘေးလွတ်ရာ ပုန်းခိုကြတဲ့ ပြည်သူတွေက စစ်ပွဲအဆုံးသတ်ပြီး ၇၆ နှစ်ကြာတဲ့အချိန်ထိ ဗုံးလက်ကျန်တွေ တွေ့ရှိရတတ်ပြီး အခု နောက်ဆုံး တွေ့ရှိတာအတွက် သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြောဆိုကြပါတယ်။ 

ရဲတွေရဲ့ လော်စပီကာကနေ ဗုံးတွေ့ရှိကြောင်း သတိပေးချက်ကို ကြားခဲ့ရတယ်လို့ အသက် ၂၉ နှစ်ရှိ တိုဘိုင်အက်စ်က ပြောပါတယ်။ 

သူဟာ လှောင်အိမ်ထဲ သူ့ ကြောင်လေးကို ထည့်ပြီး နေအိမ်ကနေ ချက်ချင်းထွက်ခွာဖို့ အမိန့်ပေးခံရချိန်မှာ စိတ်ဖိစီးမှု ဝေဒနာ ဖြစ်လာရတယ်လို့ သူက ဆိုပါတယ်။ 

အသက် ၇၇ နှစ်အရွယ် ဘာဘာရာကလည်း ရေဒီယိုကနေ ဗုံးတွေ့ရှိကြောင်း သတင်းကို ကြားသိရတာလို့ ပြောပါတယ်။ 

“ခြောက်ခြားစရာကြီးပါ၊ ကျွန်မ ဒီလို ကြုံရမယ်လို့ မထင်ခဲ့ဘူး”လို့ သူက အေအက်ဖ်ပီကို ပြောပြီး ဖြစ်နိုင်သမျှ အိမ်အမြန် ပြန်ချင်ပြီလို့လည်း ဆိုပါတယ်။ 

ဂျာမနီမှာ ဒုတိယကမ္ဘာစစ် လက်ကျန်ဗုံးတွေ ပြန့်ကျဲရှိနေတတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မကြာခဏ တူးဖော်တွေ့ရှိရလေ့ ရှိပါတယ်။ 

၂၀၂၀ ခုနှစ်ကလည်း Tesla က လျှပ်စစ်ကားတွေအတွက် ဥရောပမှာ ပထမဆုံး စက်ရုံ တည်ဆောက်ဖို့ စီစဉ်ရာ ဘာလင်မြို့အနီးမှာ ဗုံးခုနစ်လုံး တွေ့ရှိလို့ အသက်မဲ့အောင် လုပ်ဆောင်ခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့နှစ်ကလည်း ဖရန့်ဖတ်၊ ကိုလုန်းနဲ့ ဒေါ့မွန့်တို့မှာ ဗုံးတွေ ရှာဖွေတွေ့ရှိခဲ့ပါသေးတယ်။ 

ဖရန့်ဖတ်မှာ ၂၀၁၇ ခုနှစ်တုန်းက တွေ့ရှိတဲ့ ဗုံးဟာ ၁ ဒသမ ၄ တန် ဗုံးကြီးဖြစ်လို့ လူပေါင်း ၆၅၀၀၀ ကို ဘေးကင်းရာ ပြောင်းရွှေ့ပေးခဲ့ရပြီး ၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပမှာ လူတွေအများဆုံး ရွှေ့ပြောင်းပေးခဲ့ရမှု ဖြစ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required