WFP ၏ မြန်မာနိုင်ငံမှ လက်ရှိစီမံကိန်းကို သက်တမ်း ၂ နှစ် ထပ်တိုး

WFP ၏ မြန်မာနိုင်ငံမှ လက်ရှိစီမံကိန်းကို သက်တမ်း ၂ နှစ် ထပ်တိုး

ဒီဇင်ဘာ ၂ ရက် ။             ။ ၂၀၁၅ ခု ရေကြီးမြေပြိုမှုများနှင့် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၆၁,၂၀,၀၀ ကျော် အပါအဝင် ရိက္ခာမလုံလောက်သည့် လူ ၂.၉ သန်းအား ဆက်လက် ကူညီရန် ကုလကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ လက်ရှိစီမံကိန်းကို သက်တမ်း ၂ နှစ် ထပ်တိုးလိုက်သည်။

WFP ၏ လက်ရှိစီမံကိန်းကို ၂၀၁၅ ခုနှစ်ကုန်တွင် ရပ်နားရန် ဖြစ်သော်လည်း ၂၀၁၇ ခု နှစ်ကုန်အထိ သက်တမ်း တိုးမြှင့်လိုက်ကြောင်း WFP က ဒီဇင်ဘာ ၂ တွင် ထုတ်ပြန်သည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Dom Scalpelli က "လွန်ခဲ့တဲ့နှစ်များအတွင်း သိသာထင်ရှားတဲ့ တိုးတက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်စရာတွေ ကျန်နေပါသေးတယ်။ ဒီအရေးပါတဲ့ အကူးအပြောင်း ကာလရှည်အတွင်းမှာ မြန်မာပြည်သူတွေကို ဆက်လက်ကူညီသွားဖို့ အရေးကြီးပါတယ်။" ဟု ထုတ်ပြန်ချက်အတွင်း ထည့်သွင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ၏ ၂၆ ရာခိုင်နှုန်းခန့်ရှိသည့် လူ ၁၃ သန်းကျော်သည် ဆင်းရဲနွမ်းပါးမှုအခြေပြမျဉ်း အောက်တွင်ရှိနေသည်ဟု WFP က ဆိုသည်။ မြန်မာကလေးသူငယ် စုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းကျော်သည်လည်း ရေရှည်အာဟာရချို့တဲ့မှုကြောင့် ကြီးထွားမှုနှုန်းတန့် (အရပ်ပုခြင်း) သည့် လက္ခဏာများကို WFP တွေ့ရှိသည်။

သက်တမ်းတိုးကာလ လာမည့် ၂ နှစ်အတွင်း အရောင်းအဝယ်ပြုနိုင်သော ဒေသများတွင် စားနပ်ရိက္ခာအစား ငွေသားကို ပို၍ထောက်ပံ့သွားမည်ဖြစ်သည်။

လတ်တလောအာဟာရချို့တဲ့မှု (ပိန်လှီခြင်း)၊ ရေရှည်အာဟာရချို့တဲ့မှု (အရပ်ပုခြင်း) များအား ကာကွယ်တားဆီးခြင်း လုပ်ငန်းများ၊ ကျောင်းတွင်းအာဟာရတိုက်ကျွေးခြင်း လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်လည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ WFP ၏ လုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းမှာ သြစတြေးလျ၊ ကနေဒါ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ လူဇင်ဘတ်၊ နယူးဇီလန်၊ နော်ဝေး၊ မြန်မာ၊ ကိုရီးယားပြည်သူ့သမ္မတ နိုင်ငံ၊ ဆွစ်ဇာလန်၊ ကုလအရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးရန်ပုံငွေ၊ ဗြိတိန်၊ အမေရိကန်နှင့် အမေရိကန်နိုင်ငံဆိုင်ရာ WFP တို့မှ ထည့်ဝင်သော အလှူငွေများကြောင့်ဖြစ်သည်။

ကုလကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် မြန်မာနိုင်ငံတွင် ၂၀၁၆ ခု ဇွန်လအထိ စားနပ်ရိက္ခာထောက်ပံ့ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ လိုအပ်နေသည်ဟု သိရသည်။ WFP သည် နိုင်ငံပေါင်း ၈၀ မှ လူဦးရေ သန်း ၈၀ ခန့်ကို နှစ်စဉ် ကူညီပေးနေသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags