ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အကူအညီသစ် ဒေါ်လာ ၁၅၅ သန်း ပေးမည်ဟု အမေရိကန် ကြေညာ

ရိုဟင်ဂျာ ဒုက္ခသည်များအတွက် အကူအညီသစ် ဒေါ်လာ ၁၅၅ သန်း ပေးမည်ဟု အမေရိကန် ကြေညာ

မေ ၁၉

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာ (မူရင်း) ဒုက္ခသည် ၉၀၀,၀၀၀ ခန့်၏ အရေးတကြီး လိုအပ်ချက်များကို ကူညီဖြည့်ဆည်းနိုင်ရေးအတွက် အကူအညီ ကန်ဒေါ်လာ ၁၅၅ သန်း နီးပါးကို ထောက်ပံ့ပေးအပ်မည်ဟု အမေရိကန်က ကြေညာခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံပေးထားတဲ့ လူ့အသိုင်းအဝိုင်း၊ နောက်ပြီး မြန်မာနိုင်ငံတွင်းက ပြည်တွင်းနေရပ်စွန့်ခွာခဲ့ကြရတဲ့ ရိုဟင်ဂျာတွေနဲ့ အခြား ထိခိုက်ခံ လူတွေကို ထောက်ပံ့မယ့် အရေးတကြီး အားထုတ်မှုတွေအတွက် ကူညီဖို့ အမေရိကန်ဘက်က ဒေါ်လာ ၁၅၅ သန်း နီးပါး ပေးအပ်မှာ ဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုခဲ့သည်။

“မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဆိုးရွားတဲ့ အကြမ်းဖက်မှုကနေ ထွက်ပြေးထားခဲ့ကြတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအ၀င် ဒုက္ခသည် ကိုးသိန်းနီးပါးရဲ့ အရေးတကြီး လိုအပ်ချက်တွေကို ကျွန်တော်တို့ရဲ့ အကူအညီသစ်က ကူညီဖြည့်ဆည်းပေးပါလိမ့်မယ်” ဟု ဘလင်ကန်က ပြောသည်။

ထို့ပြင် ရိုဟင်ဂျာ ဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် အခြားသော နိုင်ငံများနှင့် သက်ဆိုင်သူများကို အမေရိကန်ဘက်က တိုက်တွန်းကြောင်းလည်း နိုင်ငံခြားရေး၀န်ကြီး ဘလင်ကန်က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုသွားခဲ့သည်။

ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုအတွက် နောက်ထပ် အရေးယူဒဏ်ခတ်သည့်အနေဖြင့် အမေရိကန်က မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာမှာပင် ယခုကဲ့သို့ ရိုဟင်ဂျာ ဒုက္ခသည်များကို အကူအညီပေးသည့် ကိစ္စကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly