ပြည်တွင်း သံမဏိထုတ်လုပ်မှု လျှော့ချရန် တရုတ်အစိုးရ ဖိအားပေး

ပြည်တွင်း သံမဏိထုတ်လုပ်မှု လျှော့ချရန် တရုတ်အစိုးရ ဖိအားပေး

၂၀၂၀ ပြည့်နှစ်က ထုတ်လုပ်မှုစံချိန်တင်ပြီးနောက် သံမဏိထုတ်လုပ်မှုကို လျှော့ချရန် တရုတ်အစိုးရက လုပ်ဆောင်နေခြင်းဖြင့် စက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒအပြောင်းအလဲကို တရုတ်က အချက်ပြလိုက်သည်။

ဧပြီလ ၂၈ ရက်တွင် အစိုးရက သွင်းကုန်ခွန်လျှော့ချခြင်းနှင့် ပို့ကုန်အတားအဆီးများ တိုးမြှင့်ခြင်း ထုတ်ပြန်ချက်များ ဆက်တိုက်ကြေညာခဲ့ပြီး သမ္မတ ရှီကျင်းဖျင်၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရည်မှန်းချက်များပြည့်မီရေးအတွက် သံမဏိထုတ်လုပ်သူများအား ထုတ်လုပ်မှုကိုလျှော့ချရန် ဖိအားများတိုးလာခြင်းဖြစ်သည်။

မေလ ၁ ရက်မှ စတင်၍ ပြည်ပမှ တင်သွင်းလာသော သံမဏိကုန်ကြမ်းများ၊ သံမဏိအတိုအစများနှင့်၊ အခြားသွင်းအားစုများ၏ အခွန်ကို သုညသို့လျှော့ချခဲ့သည်။

သံမဏိထုတ်ကုန်များနှင့် ကုန်ပစ္စည်းများ တင်ပို့မှုအတွက် အခွန်ကို ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့်လိုက်ကြောင်း နိုင်ငံတော်အဆင့် အစိုးရအဖွဲ့ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ပြောကြားခဲ့သည်။

“ဒီပြုပြင်ပြောင်းလဲမှုက သွင်းကုန်ကုန်ကျစရိတ်ကိုလျှော့ချဖို့၊ သံမဏိတင်သွင်းမှုကိုတိုးချဲ့ဖို့၊ ပြည်တွင်းထုတ်လုပ်သူတွေက သံမဏိကုန်ကြမ်းထုတ်လုပ်မှုကို လျှော့ချတာကို အားပေးဖို့နဲ့၊ စွမ်းအင်သုံးစွဲမှုကို လျှော့ချစေဖို့ လမ်းညွှန်ချက်ပေးတာနဲ့ စက်မှုလုပ်ငန်းအဆင့်မြှင့်တင်ဖို့နဲ့ ဒီကဏ္ဍမှာ အရည်အသွေးမြင့်မားတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ဖြစ်ပါတယ်” ဟု China Daily သတင်းစာက ဖော်ပြခဲ့သည်။

COVID-19 ဖြစ်ပွားမှုနှင့် ၄၄ နှစ်တာကာလအတွင်း စီးပွားရေးတိုးတက်မှုအနှေးကွေးဆုံးဖြစ်သော်လည်း တရုတ် စက်ရုံများသည် ၂၀၂၀ပြည့်နှစ်က သံမဏိမက်ထရစ်တန်ချိန် ၁ ဒသမ ဝ၅ ဘီလီယံကို ထုတ်လုပ်နိုင် သောကြောင့် သမိုင်းတစ်လျှောက်အမြင့်မားဆုံးထုတ်လုပ်နိုင်သည့်နှစ်ဖြစ်ပြီး နောက်တစ်နှစ်တွင် ယင်း ပုံမှန်မဟုတ်သောဝင်ရောက်စွက်ဖက်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာ့သံမဏိအသင်း၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် ထုတ်လုပ်မှု ဝဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တရုတ်နိုင်ငံ၏ သံမဏိထုတ်လုပ်မှုသည် ယခင်နှစ်ကထက် ၅ ဒသမ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ တရုတ်၏ ကမ္ဘာ့သံမဏိဈေးကွက် ဝေစုသည် ၅၇ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့သည်။

ထုတ်လုပ်မှုများပြားသည့် ပြဿနာများနှင့် အမြတ်အစွန်းအပေါ်ဖိအားပေးမှုများရှိသော်လည်း တရုတ်၏ ပြိုင်ဆိုင်မှုပြင်းထန်သော သံမဏိထုတ်လုပ်သူများသည် ကောင်းမွန်သောအချိန်ကာလနှင့် ဆိုးရွားသည့်ကာလများကို ဖြတ်ကျော်ကာ တိုးမြှင့်ထုတ်လုပ်ခဲ့သဖြင့် ၂၀၁၆ ခုနှစ်မှစတင်ကာ ထုတ်လုပ်မှုနှုန်း နှစ်စဉ် တိုးတက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly