အငြင်းပွားနေသော ရေပိုင်နက်တွင် ငါးမဖမ်းရန် တရုတ်၏ တားမြစ်ချက်ကို ဖိလစ်ပိုင် မသိကျိုးကျွန်ပြု

အငြင်းပွားနေသော ရေပိုင်နက်တွင် ငါးမဖမ်းရန် တရုတ်၏ တားမြစ်ချက်ကို ဖိလစ်ပိုင် မသိကျိုးကျွန်ပြု

ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား အချုပ်အခြာပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေသော တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နှစ်စဉ် ငါးဖမ်းခွင့်ဆိုင်းငံ့ထားချက်ကို ဂရုမစိုက်ရန် ဖိလစ်ပိုင်အစိုးရက ငါးဖမ်းသင်္ဘောကြီးများအား ညွှန်ကြားထားသည်။

ယခုနှစ်အတွက် ငါးဖမ်းခွင့်ဆိုင်းငံ့လိုက်ခြင်းသည် "မိမိတို့၏ ငါးဖမ်းသမားများနှင့် မသက်ဆိုင်" ဟု ဖိလစ်ပိုင်၏ တောင်တရုတ်ပင်လယ်ပြင်အထူးတပ်ဖွဲ့က မေလ ၄ ရက်က ထုတ်ပြန်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများကဖော်ပြခဲ့သည်။

ပင်လယ်ပြင်တွင် ငါးဖမ်းလှေများက ငါးဖမ်းသည့် ဆွဲပိုက်ချခွင့်ကို အရာရှိများက ထောက်ခံအားပေးခဲ့ကြောင်း Philstar.com သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၁၉၉၉ ခုနှစ်မှ စတင်၍ မေလ ၁ ရက်မှ သြဂုတ် ၁၆ ရက်အထိ မြောက်ပိုင်း ပင်လယ်ပြင်တွင် တရုတ်က ငါးဖမ်းခွင့် တစ်ဖက်သတ်ဆိုင်းငံ့ထားခြင်းသည် အဏ္ဏဝါဂေဟဗေဒစနစ်တိုးတက်စေရန်ဖြစ်ကြောင်း ပေကျင်းရှိ ဆင်ဟွာသတင်းဌာနက ဧပြီလက ပြောကြားခဲ့သည်။

တရုတ်သင်္ဘော ၅၀,ဝဝဝ ကျော်ကိုလည်း ငါးဖမ်းခွင့်ဆိုင်းငံ့ထားကြောင်း ယင်းက ဆိုသည်။

ဖိလစ်ပိုင်တွင် ပြည်သူလူထု၏ တရုတ်ဆန့်ကျင်ရေးဖိအားများကြောင့် အစိုးရက ငါးဖမ်းခွင့် ဆိုင်ငံ့မှုကို လူသိရှင်ကြား ပယ်ဖျက်စေခဲ့ခြင်းက လူပေါင်း ၂ သန်းခန့်ကို အလုပ်အကိုင်ပေးထားသည့် ငါးဖမ်းလုပ်ငန်းအတွက် ကောင်းမွန်သည့် နိမိတ်လက္ခဏာဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နယ်မြေပိုင်ဆိုင်သည့် အငြင်းပွားမှုကို ဘေးဖယ်ထားပြီး ၂၀၁၆ ခုနှစ်တွင် တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှုအသစ်ကို တည်ဆောက်ခဲ့သော်လည်း ဖိလစ်ပိုင်ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ရေပိုင်နက်တွင် တရုတ်ရေယာဉ်များ ဆက်လက်ရောက်ရှိနေဆဲဖြစ်သည်။

သမ္မတသက်တမ်းအကန့်အသတ်ကြောင့် ဒူတာတေး ရာထူးမှ နုတ်ထွက်ပြီးနောက်တစ်နှစ်တွင် ရွေးကောက်ပွဲ အနိုင်ရရန် ပြင်ဆင်နေသော ဒူတာတေး၏ နိုင်ငံရေးမဟာမိတ်များက တရုတ်နှင့် ပတ်သက်ပြီး အများပြည်သူ၏ သဘောထားအတိုင်း လိုက်နာရန် မျှော်လင့်နေကြသည်။

“နိုင်ငံရေး ပြဿနာတွေအများကြီးရှိနေတာကြောင့် ဖိလစ်ပိုင်အစိုးရက တရုတ်ဖိအားကို လက်ခံလို့မရပါဘူး”ဟု စင်ကာပူအမျိုးသားတက္ကသိုလ်၏ ပြည်သူ့မူဝါဒကျောင်းမှ တွဲဖက်ပါမောက္ခ အီဒူအာဒို အာရာရယ်လ်က ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly